Thursday, November 18, 2010

အသည်းအစားထိုးခြင်း ၂

အသည်းအစားထိုးခြင်း........(၂)


အသည်းအစားထိုးခြင်းအကြောင်း နည်းနည်းပြောပြီးသွားတော့ အဘယ့်ကြောင့် ၀မ်းနည်းရတာကို ဆက်လက်ရေးသားလို့ပါသည်။ အဆိုပါ ခွဲစိတ်မှုကို နိုင်ငံတော်က အားလုံးကုန်ကျခံကာ ပြုလုပ်ပေးသောကြောင့် ဖြစ်ပါသည်။ သိန်း ကို ရာနှင့်ချီကာ ကုန်ကျမည် ဖြစ်သည်။ အတိအကျတော့ ကျွန်တော် မတွက်တတ်ပါ။ ဆေးဖိုး၊ infrastructure ဖိုး၊ နိုင်ငံခြားသို့သွားရောက်လေ့လာရသည့် စရိတ်များကို ထည့်တွက်ပါက သိန်း ၅၀၀ အောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင် လူတစ်ယောက်အတွက် ကျန်းမာရေးကုန်ကျစရိတ်သည် ပျမ်းမျှအားဖြစ် ကျပ် ရာဂဏန်းရှိပါသည်။ အခုတော့ လူတစ်ယောက်တည်းအတွက် သိန်း ၅၀၀ အကုန်ခံလိုက်တယ်ဆိုတော့....... အဆိုပါလူသည် ထိုမျှ ကုန်ကျခံရလောက်အောင် တိုင်းပြည်ကို အကျိုးပြုမည့် သူလား၊ ၅၀၀ ရင်းလျင် သိန်းနှင့် ချီ ပြီး ပြန်လည် ပေးဆပ်မည့်သူလား...... ဒါမ မဟုတ် ငါတို့ဆီမှာ ခွဲနိုင်တယ်ကွ ဆိုပြီး လက်မထောင်နိုင်ဖို့ သက်သက်ပဲလား....... အစရှိသည့် မေးခွန်းများအတွက် ကျွန်တော့်ထံတွင် အဖြေမရှိပါ။

သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။



ကျွန်တော်တို့ဆီမှာ Resource Allocation နဲ့ပတ်သက်လာရင် Economic based thinking and priority လုပ်တဲ့အကျင့်တွေကို ထားရှိဖို့ လိုလာပါပြီ။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်မှာ နှစ်အကြာဆုံး ပညာရေးနှင့် ထိတွေ့ခဲ့သူတွေပါ။ ဘယ်သူမှ ဆရာဝန်တွေလောက် အကြာကြီး ကျောင်းမတက်ရပါဘူး။ အဲဒီတော့ ဆရာဝန်တွေက သာမန်လူတွေထက်တော့ အကောင်းအဆိုးကို ပိုပြီး ခွဲခြားပိုင်းဖြတ်နိုင်လိမ့်မယ်လို့ ယူဆလို့ရနိုင်ပါတယ်။ (လက်တွေ့တွင် ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတော့ပါဘူး) ကျွန်တော်တို့ရဲ့ customer ဟာ ပြည်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ပြည်သူအများစုရဲ့ ကျန်းမာရေးတိုးတက်မှုကသာ အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ ဒီကိစ္စဟာ စီးပွားရေးကိစ္စတစ်ခုတည်း မဟုတ်ပါ။ ကျင့်ဝတ်ပိုင်း၊ စိတ်ဓာတ်အဆင့်အတန်း နှင့်လည်း သက်ဆိုင်ပါသည်။ ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်းနှစ်လမ်းရှိသည်။ လက်ရှိအတိုင်း ငပျင်းကျပြီးနေမလား။ လွယ်သည်။ သက်သာသည်။ ကိုယ်လုပ်ချင်တာလုပ်လို့ရသည်။ သို့သော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရမှာက ငါသေသွားရင် ငါ့သမိုင်းကို ဘယ်လိုချန်ခဲ့မှာလဲ။ ငါဟာ လုပ်ပိုင်ခွင့်တွေရှိပါလျက်နဲ့ လူအများအကျိုးယုတ်မည့် လမ်းစဉ်တွေကို ချမှတ်ခဲ့တာလား အစရှိသဖြင့် မေးခွန်းများကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်သည်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခက်သည်။ အများကြီး ပြောင်းလဲရမည်။ အောင်မြင်ဖို့တော့ မသေချာ။ အများကြီး ကြိုးစားအားထုတ်ရမည်။ သို့သော် ပြည်သူများအတွက် တဖြည်းဖြည်းချင်း အကျိုးရှိလာမည်ဖြစ်သည်။ ကဲ....ကျွန်တော်တို့ ဘယ်လမ်းရွေးကြမလဲ။

No comments: