Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, April 6, 2011

မိန်းမလှတို့ အတွက် ဒုတိယနေရာက အလှအပ


မိန်းမသားတွေရဲ့ ကောင်းခြင်းငါးဖြာထဲက ကေသာအဆင်းကောင်းမွန်ခြင်းကလည်း တစ်ပါးအပါအဝင်မို့ ကေသာဆိုတာ ဆင်တတ်ရင် ဆင်သလောက်ရုပ်ထွက်လာစေတဲ့ ဒုတိယမျက်နှာလို့ဆိုရမလားပင်။
ဒါကြောင့်ပဲ မိန်းမလှလေးတစ်ယောက် ဖြစ်ဖို့ မိန်းမသားတို့ရဲ့ဦးခေါင်းထက်ကေသာကို ဝေဆာလှပဖို့ အကြံပြုပါရစေ။
ဆံနွယ်သန်စွမ်းကျန်းမာစေဖို့ အစားအစာ
ဆံကေသာဆိုတာ မိန်းမတစ်ယောက်ရဲ့ အလှအပနဲ့ရူပါကို ထင်ရှားသိသာအောင် ပြောင်းနိုင်စွမ်းရှိလို့ ဆံပင်ကိုဆေးဆိုးမယ် ဒီဇိုင်းထွင်မယ်စတဲ့ ဆံကေသာလှပဖို့ ပြင်ဆင်မှုတွေလုပ်မယ်ဆိုရင် ဆံနွယ်သန်စွမ်းကျန်းမာရေးက အရေးပါလာပြီလေ။ ဒီတော့ ဆံပင်သန်စွမ်းဖို့ရာ ဘာစားမလဲ။ ကြည့်ရအောင်….
မုန်လာဥနီစားပေးပါ
ဥနီဟာ ဗီတာမင်အေဓာတ် ကြွယ်ဝတယ်။ ဗီတာမင်အေဟာ အမြင်အာရုံသန်စွမ်းမှုကို ပေးသလို အသားအရေ စိုပြည်ဖို့လည်း စွမ်းပါတယ်။ ဒါတင်မက သူ့ရဲ့ထူးခြားမှုက ဦးရေပြားကို သန်စွမ်းကျန်းမာစေတယ်။ ဦးရေပြားမှာပေါက်နေတဲ့ဆံပင်တွေကို တောက်ပြောင်စေတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ဒါကြောင့် မုန်လာဥနီကို အစိမ်းတို့လို့ပဲဖြစ်ဖြစ်၊ ကြော်လှော်လို့ပဲဖြစ်ဖြစ် စားသင့်ပါတယ်။
အုန်းဆီကိုလျှော့မတွက်နဲ့
အခုလို အလှအပ အသုံးအဆောင်တွေ တိုးတက်များပြားနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးတွေအနေနဲ့ရော အုန်းဆီကိုလျစ်လျူရှု ဥပက္ခာ ပြုလာကြပါတယ်။ အမှန်တော့ အုန်းဆီဆိုတာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက သုံးစွဲလာကြတဲ့ အဆီတစ်မျိုးပါ။ အုန်းဆီဟာ ဦးရေပြားကို အေးစေတယ်။ ဆံနွယ်တွေကို နက်ပြောင်နက်မှောင်စေတယ်။ သန်စွမ်းမယ်။ ဒါ့အပြင် သုတေသနပညာရှင်တွေ လေ့လာတွေ့ရိုက်ချက်အရ အုန်းဆီတစ်စက်နှစ်စက်နဲ့တင် ဆံပင်အရောင်ကို ပျက်ဆီးစေခြင်းမှ ကာကွယ်ပေးနိုင်တဲ့အတွက် အုန်းဆီကိုလည်း လုံးလုံးလျားလျား မပြစ်ပယ်သင့်ပါဘူး။ အုန်းဆီကိုငြင်းပယ်ချင်တဲ့ ပျိုမေတွေအနေနဲ့ ဆံပင်မလျှော်ခင်ညမှာ ဆံကေသာလှအောင် အုန်းဆီလိမ်းပးသင့်ပါတယ်။
ကမ်းခြေသွားရင် သတိထားစေချင်
ပျိုမေတို့အနေနဲ့ ကမ်းခြေသွားရင် သတိပြုဖို့လိုတာက ပင်လယ်ရေနဲ့ ခရမ်းလွန်ရောင်ခြည်ပေါင်းစပ်လိုက်တဲ့ သက်ရောက်မှုကြောင့် ဆံနွယ်တွေကို ကြီးစွာပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ပင်လယ်ရေ စိမ်တော့မယ်လို့ စိတ်ကူးမိရင် မစိမ်ခင် conditioners နဲ့ ဆံနွယ်တွေကို လိမ်းပေးရပါမယ်။ ဆံပင်ဖြီးမယ်ဆိုရင်လည်း ဘီးစိပ်ကျဲကျဲဘီးကိုသာ အသုံးပြုသင့်တယ်လို့ လမ်းညွှန် အကြံပြုပါတယ်။

နားထဲရေဝင်တာ ဘယ်ရောက်သွားလဲ


လူအများစုထင်နေကြတာက နားထဲရေဝင်သွားတဲ့အခါ ရေက ဦးခေါင်းခွံထဲ တစ်နေရာ ဆီသို့ပါ ရောက်သွားမယ်လို့ပေါ့။ အမှန်ကတော့ နားစည်ကောင်းနေသရွေ့ နားထဲဝင် လာတဲ့ ရေတွေဟာ ပြင်ပနားပြွန်ထဲထိသာ ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် နားထဲရေဝင်ပါက နေမထိထိုင်မသာ ဖြစ်ရတတ်သလို ထိုရေတွေကြောင့်လည်း ရောဂါပိုးတွေ ပေါက်ဖွားနိုင်တဲ့ ပတ်ဝန်းကျင်ပေါ်ပေါက်လာနိုင်ပါတယ်။ ရောဂါပိုးတွေက စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပေါက်ဖွားတတ်ကြလို့ပါ။
ရေကူးသမားတွေမှာ ဖြစ်လေ့ရှိတဲ့ နားရောဂါတစ်မျိုးကတော့ ပြင်ပနားထဲရေဝင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြင်ပနားပြွန် ပတ်လည်မျက်နှာပြင်မှာ ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါက နားစည်နောက်ဘက်မှာ ဖြစ်လေ့ရှိတဲ့ နားအတွင်းရောဂါပိုးဝင်ခြင်းနဲ့ ခြားနား နေပါတယ်။
ဒါ့အပြင် ရေလှိုင်းစီးသမားတွေမှာ ဖြစ်တတ်တဲ့ နားရောဂါတစ်မျိုးလည်း ရှိပါသေးတယ်။ ရေလှိုင်းစီးသမားတွေဟာ အေးမြတဲ့ရေဒဏ်၊ လေဒဏ်တို့ကို မကြာခဏ ခံနေရပါတယ်။ အဲဒီအခါ နားပြွန်အေးလာပြီး အရိုးကြီးထွားလာကာ နားပြွန်ကို တဖြည်းဖြည်းနဲ့ ပိတ်လာ စေနိုင်သွားပါတယ်။
နားကို ခြောက်အောင်ထားပါမှ ရောဂါပိုး မကူးစက်မှာပါ။ နားထဲရေဝင်တဲ့အခါ ခေါင်းကို ရေဝင်တဲ့ဘက်စောင်းပြီး ခုန်ဆွခုန်ဆွ လုပ်ပေးပါ။ တစ်ဖက်ကနေ ခေါင်းကို ပုတ်ပေးပါ။ ဒါမှမဟုတ် ပိုလျှံနေတဲ့ ရေတွေ ခြောက်သွားအောင် နားခြောက်ဆေးရည်ထည့်ခတ်လို့ ရပါတယ်။ ဆံပင်လေမှုတ်စက်နဲ့လည်း ခြောက်အောင် မှုတ်ပေးနိုင်ပါတယ်။
သတိထားရမှာတော့ ရေဝင်နေချိန် နားကြပ်ဂွမ်းတံလေး နားထဲမထည့်မိဖို့ပါ။ ဂွမ်းတံလေး သုံးပါက ပြွန်ထဲရေတွေတွန်းထည့်လိုက်သလိုဖြစ်ကာ ပြွန်မျက်နှာပြင်တွေ ပွန်းပဲ့ကာ ရောဂါပိုးတွေ ပိုဝင်လာနိုင်ပါတယ်။

ဓမ္မတာလာခါနီး ရင်သားနာကျင်တာ

ဓမ္မတာရာသီလာခါနီး ရင်သားတင်းရင်းနာကျင်တာ တကယ့်ကို ပုံမှန်ပါပဲ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ ဓမ္မတာ လာခါနီး ဟော်မုန်း အတက်အကျက ရင်သားပြွန်တွေနဲ့ ရင်သားတစ်သျှူးမြွှာလေးတွေက ရင်သားရှိ နို့ထွက်ရှိရာ တစ်သျှူးပဲ ဖြစ်ပါတယ်။
ရင်သားတစ်ဖက်ဆီမှာ ရင်သားအမြွှာ ၁၅ ခုကနေ အခု ၂၀ ထိရှိပြီး ပိုပြီးသေးငယ်တဲ့ တစ်သျှူးမြွှာလေးတွေအဖြစ် ခွဲထွက်လာကာ အဖုလေးတွေအဖြစ် အဆုံးသတ် သွားပါတယ်။ နို့ရည်ဟာ ထိုအဖုလေးတွေကနေ စတင်ထွက်ရှိကာ ပြွန်တွေမှတစ်ဆင့် နို့သီးခေါင်းဆီရောက်ရှိပြီး ပြင်ပသို့ နို့ရည်ထွက်ရှိတာပဲ ဖြစ်ပါတယ်။
များသောအားဖြင့် ဓမ္မတာစက်ဝန်း ဒုတိယပိုင်းမှာ ရင်သားစတင်နာကျင်တတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှု များလာပြီး ဓမ္မတာစက်ဝန်းအလယ်ရောက်ခါနီးမှာ ဟောမုန်းပမာဏ အမြင့်ဆုံးထိ ရောက်ရှိကာ ရင်သားပြွန်တွေကို ကြီးလာစေပါတယ်။ ဒါ့အပြင် ရာသီလာခါနီးမှာ တခြားဟော်မုန်းဖြစ်တဲ့ ပရိုဂျက်စတီရုန်း ပမာဏ အမြင့်ဆုံး ရောက်ကာ ရင်သားမြွှာလေးတွေကို ကြီးလာစေပါတယ်။ ဒီလိုအရွယ်အစားကြီးထွား ရခြင်းကြောင့် နာကျင်မှုကို ခံစားရခြင်းပဲ ဖြစ်ပါတယ်။
ဓမ္မတာလာခါနီး ရင်သားနာကျင်ရခြင်းက သိပ်မသိသာသလို တချို့တွေမှာတော့ နာကျင်မှု ပြင်းထန်တတ်ကြပါတယ်။ သန္ဓေတားဆေး သောက်ရသူ အမျိုးသမီးတွေမှာတော့ နာကျင် မှုက သိပ်မပြင်းထန်ဘူး။ တချို့အမျိုးသမီးတွေအနေနဲ့လည်း အဲဒီလိုအချိန်မှာ ကဖင်းဓာတ် များများ သုံးဆောင်မိက ရင်သားပိုနာကျင်တတ်ကြောင်း တွေ့ရှိထားပါတယ်။ နာကျင်မှု သက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေး သောက်သုံးနိုင်ပါတယ်။ ဘော်လီကျပ်ကျပ် မဝတ်ပါနဲ့။ ရုတ်တရက် ထိခိုက်မှု မရှိအောင် သတိထားပေးပါ။

Thursday, March 31, 2011

ုလက်ကိုင်ဖုန်းနဲ့ လူ့ ဦးနှောက်

လက်ကိုင်ဖုန်းသုံးတာ ရေပန်းစားလာနေပါတယ်။ တချို့ အတွက်ဆိုရင် မရှိမဖြစ်ပစ္စည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တချို့ ကြတော့ တချိန်လုံးနီးပါး လက်ကိုင်ဖုန်း ပြောတတ်ကြပါတယ်။ လက်ကိုင်ဖုန်းကို မိနစ် ၅၀ ကျော် ဆက်တိုက် နားနဲ့ ကပ်ပြီးပြောရင် ဦးနှောက်ထဲက ဆဲလ် (cell) တွေ အလုပ်လုပ်တာ ရုတ်တရက် ထမြန်လာတယ်လို့ စမ်းသပ်တွေ့ရှိ လိုက်ပါတယ်။ ဒါပေမဲ့ အခုလို မြန်လာတာကြောင့် လူ့ရဲ့  ကျန်းမာရေးကို ထိခိုက်နိုင်မှုရှိ၊ မရှိကိုတော့ မပြောနိုင်သေးပါဘူး။ လေ့လာစမ်းသပ်မှု့တွေ ဆက်လုပ်ရဦးမှာပါ။

ဒါပေမဲ့ အခုတွေ့ရှိချက် အသစ်ကြောင့် လက်ကိုင်ဖုန်း ဘယ်လို ပြောသင့်တယ် ဆိုတာကို ချင့်ချိန် စဉ်းစားနိုင်ကြမှာပါ။

ဒီ အကြောင်းအသေးစိတ်ကို ဗွီအိုအေ သတင်းထောက် ဂျက်စီကာ ဘာမဲန် (Jessica Berman) နဲ့ ဗီဒူရှီ စင်န်ဟာ (Vidushi Sinha) တို့ သတင်းပို့ထားတာကို စုစည်းပြီး၊ ကိုဝင်းမင်းက စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာမြစပယ် ကို မေးမြန်းတင်ပြထားပါတယ်။

သူငယ်ပြန်မှုနဲ့ နှလုံးခုန်မမှန်မှု

အသက်ကြီးလာရင် ပုံမှန်အားဖြင့် နဲနဲမေ့တတ်လာကြပါတယ်။ ဒါပေမဲ့ Dementia ခေါ် သူငယ်ပြန်ရောဂါ ဖြစ်ရင်တော့ အတော်များများကို မေ့ကုန်ပြီး၊ မစဉ်းစားနိုင်တာ နဲ့ မခံစားနိုင်တာတွေဖြစ်ပြီး၊ နောက်ဆုံးမှာ အားလုံးကို မေ့ကုန်ပြီး နေ့စဉ်လုပ်နေကြ စားသောက်တာ၊ ရေချိုးအဝတ်လဲတာတွေတောင် မလုပ်တတ်တော့ဘဲ ကလေးငယ်တယောက်ကို လုပ်ပေးရသလို ဖြစ်သွားပါတယ်။

သူငယ်ပြန်မှု့ ဟာ Atrial Fibrillation (AF) ခေါ် နှလုံးခုန်မမှန်တဲ့ ရောဂါရှိသူတွေမှာ နှစ်ဆကျော်ပို ဖြစ်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ East Anglia တက္ကသိုလ် Norwich ဆေးကျောင်းက သုတေသီတွေက ရှာဖွေတွေ့ရှိလိုက်ပါတယ်။  ဒီအကြောင်းကို အမေရိကန်နိုင်ငံ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာအဖွဲ့ရဲ့  ဂျာနယ်မှာ ဖော်ပြခဲ့ပြီး၊ ကမ္ဘာ့ သတင်းမီဒီယာတွေထဲမှာလည်း တွေ့ခဲ့ရပါတယ်။

ဒီအကြောင်းအသေးစိတ်ကို သိရှိနိုင်ဖို့ ကိုဝင်းမင်း က ဒီ လေ့လာမှု့ကို ဦးဆောင်လုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဆေးတက္ကသိုလ်မှ အကြီးတန်းပါမောက္ခ နဲ့ အသက်ကြီးသူများဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာဖြိုးကျော်မြင့် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

အရက်သောက်ခြင်း ပြဿနာ

အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂.၅ သန်း သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအထဲမှာ လူငယ်လူရွယ်တွေက အများစုပါ။ ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား အရွယ် လူငယ်ပေါင်း ၃၂၀,၀၀၀ တောင် အရက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် နှစ်စဉ်သေနေရပါတယ်။ မသေသင့်သေးတဲ့အချိန် ငယ်ငယ်ရွယ်ရွယ်မှာ သေခဲ့ကြရတာမို့ နှမျောစရာ၊ စိတ်မကောင်း ဖြစ်စရာပါတယ်။

ဒီ ပြဿနာဟာ အထူးသဖြင့် အာရှနဲ့ အာဖရိကကလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ဘယ်အဓိက ပြဿနာတွေကြောင့် အခုလို သေကျေထိခိုက်မှု့တွေ ဖြစ်နေရတာပါသလဲ။ အလွန်အကျွံ အရက်မသောက်ဖြစ်အောင် ဘယ်အချက်တွေကို သိထားဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို သိရှိနိုင်ဖို့ VOA သတင်းထောက် ရှယ်လီ ဂူးလပ်စ် (Shelly Gollust) သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်က အရွယ်ရောက်သူဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ ကောလင်း စိန် (Collin Sein) ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။