Showing posts with label အင်္ဂလိပ် အသုံးအနှုန်း. Show all posts
Showing posts with label အင်္ဂလိပ် အသုံးအနှုန်း. Show all posts

Thursday, March 31, 2011

storm အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ kick up a storm, a storm is brewing, weather the storm နဲ့ a storm in a teacup အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up a storm ဖြစ်ပါတယ်။ Kick = ကန်သည်။ Up = အပေါ်ဖက်သို့။ ဒီနေရာမှာ kick ကို up (ဝိဘတ်) နဲ့ တွဲသွားထားပြီး အဓိပ္ပါယ်က အပေါ်ကိုပက်သည်၊ ဒုက္ခပေးသည် တို့ ဖြစ်ပါတယ်။ Storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က မုန်တိုင်းတခုတိုက်ခိုက်အောင်၊ မုန်တိုင်းမွှေနှောက်အောင် လုပ်သည် ဖြစ်ပါတယ်။ သဘာဝ ဘေးဒုက္ခတခုဖြစ်တဲ့ မုန်တိုင်းတိုက်ခိုက်လာအောင် သဘာဝကပဲ လုပ်နိုင်တာဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ မုန်တိုင်းကို ဘဝမှာကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ တုနှိုင်းပြီး ပြောဆိုထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် kick up a storm ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က ဒုက္ခဖြစ်စေအောင်၊ ဒေါကန်အောင်လုပ်တဲ့ အပြုအမှုမျိုးကို ဆိုလိုပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
My wife Mary will kick up a storm if I am late for dinner since it’s her birthday.

ကျနော့်ဇနီး Mary က သူ့မွေးနေ့မို့ ကျနော် ညနေထမင်းစာပြန် နောက်ကျရင်တော့ ဒေါသူပုန်ထလိမ့်မယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a storm is brewing ဖြစ်ပါတယ်။ Storm = မုန်တိုင်း, Brewing (Brew)= အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဥပမာ - အရက်ချက်လုပ်ခြင်းကို brew, တခုခုကို ဖန်တီးလုပ်ဆောင်ခြင်းကိုလည်း brew, ကော်ဖီ၊ လက်ဖက်ရည် နှပ်တာကိုလည်း brew လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။ Storm နဲ့ Brew ကို တွဲသုံးရင် မုန်တိုင်း အစပျိုးအောင်၊ မုန်တိုင်း စတိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ တနည်းအားဖြင့် မုန်တိုင်းကျလာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က မုန်တိုင်းအစပျိုးလာပြီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း မုန်တိုင်းလို့ တင်စားခေါ်တဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ စိတ်သောကတွေ ဒေါသသူပုန်ထဖို့ ရှိနေတယ်ဆိုရင် a storm is brewing လို့ ပြောဆိုကြပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Have you seen our boss today? He looks very angry. You can tell a storm is brewing.

ကျနော်တို့ အရာရှိကို တွေ့မိသေးသလား။ သူကိုကြည့်ရတာ သိပ်စိတ်တိုနေပုံရတယ်။ ပြဿနာစတော့မယ် ထင်တယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ weather the strom ဖြစ်ပါတယ်။ Weather = ဒီနေရာမှာ "ရာသီဥတု" အဓိပ္ပါယ်ရှိတဲ့ နာမ်စား (noun) အနေနဲ့ အသုံးပြုထားတာ မဟုတ်ပါဘူး။ ကြိယာ (verb) အဖြစ် အသုံးပြုထားပြီး "ခံနိုင်ရည်ရှိသည်" ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ The storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းဒဏ်/ရာသီဥတုဒဏ် ကို ခံနိုင်ရည်ရှိခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခဒဏ်တွေကို မုန်တိုင်းနဲ့ တင်စားထားတာဖြစ်တဲ့အတွက်မို့ လောကဒဏ် ကို ကြံကြံခံနိုင်တာ၊ ဒုက္ခဆင်းရဲကို ခါးစည်းခံနိုင်တာ။ ကဗျာဆန်ဆန်ပြောရရင်တော့ မုန်တိုင်းဘယ်လောက် ထန်ထန်၊ ဘဲအုပ်က တရာနှစ်ရာ ရှိပါစေ၊ မဗေဒါ ပန်းပန်လျှက်ပဲ ဆိုသလို ပြောဆိုနိုင်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The financial crisis in our country is expected to continue till early next year. It's important for us to weather the storm till things get better.

ကျနော်တို့ ကြုံတွေ့နေရတဲ့ စီးပွားရေးအကြပ်အတည်းက နောက်နှစ်အစောပိုင်းလောက်အထိ ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတွက် အခြေအနေကောင်းလာတဲ့အထိ ကျနော်တို့အားလုံး ကြံကြံခံနိုင်ဖို့ အရေးကြီးပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက a storm in a teacup ဖြစ်ပါတယ်။ Storm = မုန်တိုင်း၊ In = အထဲမှာ၊ Teacup = လက်ဖက်ရည်ခွက် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်ပြန်ဆိုရရင် လက်ဖက်ရည်ခွက်တခွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတခု ဖြစ်ပါတယ်။ လက်ဖက်ရည်ခွက်ထဲမှာ မုန်တိုင်းတိုက်အောင်လုပ်တယ်ဆိုတဲ့ အသုံးကိုကြည့်ခြင်းဖြင့် သေးသေးလေးထဲမှာ အကြီးကြီးဖြစ်အောင် လုပ်တယ်ဆိုတာကို သိမြင်ပါလိမ့်မယ်။ ပြဿနာသေးသေးကို အကြီးကြီးဖြစ်အောင်လုပ်တာ၊ အရေးမကြီးတာကို အရေးသိပ်ကြီးတဲ့သဘောလုပ်တာ။ တော်ရုံတန်ရုံ အခြေအနေဆိုးတာကို သိပ်ဆိုးနေတဲ့ အခြေအနေပုံဆန် ချဲ့ ပြောတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် တဆိတ်ကို တအိတ်လုပ်တဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် storm ဆိုတဲ့ မုန်တိုင်းက စောစောကပြောခဲ့သလို ဒုက္ခတွေ၊ ပြဿနာတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ပြဿနာသေးသေးကို ပြဿနာကြီးကြီးဖြစ်အောင် လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the reports of bird flu in our area are a storm in a teacup. It's not as serious as they say althought we have to be careful, of course.
ကျနော်တို့ဒေသမှာ ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်လို့ သတင်းတွေက တဆိတ်ကို တအိတ်လို့ ပြောနေကြတယ်။ အဲဒီ သတင်းတွေထဲမှာ ဖော်ပြသလို သိပ်စိုးရိမ်စရာတော့ မရှိပေမဲ့ ဘာပဲပြောပြော သတိတော့ ထားကြရလိမ့်မယ်။

strike ဆိုင်ရာ အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ strike a chord, strike gold နဲ့ strike while the iron is hot အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike a chord ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ တီးသည်။ A = တခု၊ Chord = တူရီယာကြိုး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တူရီယာကြိုးတခုကို တီးခတ်လိုက်သည် ဖြစ်ပါတယ်။ တူရီယာကြိုးကို တီးခတ်လိုက်ရင် ထွက်ပေါ်လာတဲ့သံစဉ်ကို ကြားလိုက်ရတဲ့ လူတဦးအနေနဲ့ စိတ်ထဲမှာ သတိထားလိုက်မိမယ်၊ ခံစားချက်တခုခု ပေါ်လာစမြဲ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကြားလိုက်ရ၊ တွေ့လိုက်ရတာဟာ လူတဦးဦးမှာ ခံစားချက်ဖြစ်စေတာ၊ တခါတရံမှာလည်း ဖြစ်လေ့ရှိတာက ဒီ အသံကြားဘူးပါတယ်။ ဒီရုပ် မြင်ဘူးပါတယ်။ ဒီ စာသားမျိုး ဖတ်ဘူးပါတယ်ဆိုပြီးတော့ တခုခုကို အမှတ်ရစေတဲ့အခါမှာလည်း strike a chord အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။ တနည်းဆိုတော့ ဆက်စပ်မှုတခုခု ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာ strike အစား touch = ထိတွေ့တယ် ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး touch a chord လို့လည်း ပြောဆိုနိုင်ပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The program clearly has struck a chord with our listeners. We received a lot of letters from them saying how much they liked it.

ဒီ အစီအစဉ်ကို ကျနော်တို့ သော်တာရှင်တွေ သိသိသာသာ အတော်လေးအကြိုက်တွေ့ကြတယ်လို့ ဆိုရမှာပါ။ အဲဒီ အစီအစဉ်ကို သူတို့ ဘယ်လောက်ကြိုက်နှစ်သက်ကြသလဲဆိုရင် ကျနော်တို့ သူတို့ဆီက စာတွေအများကြီး လက်ခံရရှိခဲ့တယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike gold ဖြစ်ပါတယ်။ Strike = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ရှာတွေ့သည် လို့ အဓိပ္ပါယ်ယူထားပြီး၊ Gold = ရွှေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေကို ရှာဖွေတွေ့ရှိသည် ဖြစ်ပါတယ်။ ရွှေရှာဖွေ တွေ့ရှိတဲ့ တွင်းတူးသမားဆိုရင် သူဋ္ဌေးသူကြွယ် ဖြစ်ကိန်းလို့ ထင်ကြပါလိမ့်မယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရပေါက်တွေ့တာ၊ ချမ်းသာလာတာ၊ စီးပွားတက်လာတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာလည်း ဘယ်သူဘယ်ဝါကတော့ ရွှေတွင်းကြီး တွေ့သွားပြီ၊ ပွပေါက်တိုးသွားပြီ ပြောတာတွေ ကြားဘူးပါလိမ့်မယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Those business men who invested with the generals have struck gold.

ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတော့ သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ။
Strike gold နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးကို ငွေကြေးတင်မကပဲ တခုခုနဲ့ ပတ်သက်လို့ ကိုယ့်အတွက် သိပ်ကိုအသုံးဝင်တယ်၊ ကိုယ့်အတွက် အသုံးကျမယ်ဟာရလိုက်တယ်ဆိုရင်လည်း ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike while the iron is hot ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ ရိုက်ချသည်၊ While = အချိန်အတောအတွင်း၊ Iron = သံ (မီးပူ)၊ Hot = ပူသည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သံပူနေတုန်း ရိုက်ချလိုက်ပါ ဖြစ်ပါတယ်။ သံဆိုတဲ့ သတ္တုကို ပုံသွင်းချင်ရင် အပူပေးပြီး ပျော့လာတော့မှ လိုရာပုံကို သံတူနဲ့ ရိုက်ခတ်ပြီး လုပ်ရပါတယ်။ ပန်းပဲအတတ်ပညာ အလုပ်လို ဖြစ်ပါတယ်။
ပန်းပဲသမားတဦးက သံထည်ပစ္စည်းကို ပုံသွင်းချင်ရင် အရင်ဆုံး သံကို အပူပေးပြီးမှ သံပြားက ပူလာတော့မှ ပန်းပဲသမားက ပန်းပဲတူနဲ့ ထုရိုက်တာကို တွေ့မြင်ဖူးမှာပါ။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ - တခုခု လုပ်စရာရှိလျှင် အချိန်မနှောင်းခင်၊ အခွင့်အခါကောင်းတုန်းလုပ်ဖို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
Strike while the iron is hot အီဒီယံအပြင် စကားပုံလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံလစိုက် ဆိုတဲ့ စကားပုံမျိုးတွေလို ဖြစ်ပါတယ်။ ဒီနေရာမှာ အခွင့်အခါကောင်းတုန်း လက်လွတ်မခံဘို့ကို ပြောဆိုခြင်း ဖြစ်ပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
You have to strike while iron is hot and invest in oil company’s stocks. Oil prices have skyrocketed because of a crisis in the Middle East.

ရေနံကုမ္မဏီတွေရဲ့  စတော့ဈေးတွေမှာ ရင်းနှီမြုပ်နှံဖို့ အကောင်းဆုံးအချိန်မှာ လက်လွတ်မခံနဲ့။ အရှေ့ အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေဟာ မိုးထိုးနေပြီ။

run ဆိုင်ရာ အာဒီယမ် အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ runs in the blood, runs in the family, run amok နဲ့ run for the money အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ runs in the blood ဖြစ်ပါတယ်။ Runs = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ‘စီးဆင်းတယ်’၊ In = အထဲမှာ၊ Blood = သွေး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သွေးထဲမှာ စီးဆင်းနေသည် ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာမှာလည်း ရှိတဲ့ မျိုးရိုက်အလိုက်ဖြစ်နေတာ၊ သွေးထဲပါနေတာ၊ ဗီဇကပါနေတယ်ဆိုတဲ့ အသုံးအနှုန်းလို ဖြစ်ပါတယ်။ ဒီနေရာမှာ blood အစား မိသားစု အဓိပ္ပါယ်ရတဲ့ family ကို အစားထိုးပြီးတော့ runs in the family လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
High blood pressure runs in our family. So, we have to be careful to eat less salty food and exercise regularly.

ကျနော်တို့ မျိုးရိုးထဲမှာ သွေးတိုးရှိကြတယ်။ ဒါကြောင့် ကျနော်တို့ အစားအသောက်ကို သတိထားရမယ်၊ အငန်လျှောစားရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ run amok ဖြစ်ပါတယ်။ Run = ပြေးသည်၊ Amok =  (ဒီ ဝေါဟာရက မလေးရှား စကားက ဆင်းသက်လာတာဖြစ်ပြီး) ဒေါသကြီးလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ထင်ရာစိုင်း သောင်ကျန်းခြင်းမျိုး ဖြစ်ပါတယ်။  ဒေါသအတိုင်းအတာ၊ စိတ်မထိန်းနိုင်မှု အတိုင်းအတာကလည်း အသုံးပြုတဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ ဥပမာ ခွေးတကောင်က အိမ်ထဲမှာ ပစ္စည်းတွေကို ကိုက်ဖျက်နေတာ ပွနေတာပဲ၊ ရစရာမရှိဘူးဆိုရင်လည်း The dog run amok လို့ ပြောလို့ရသလို။ လူတဦး ဒေါသကြီးပြီး မြင်မြင်ရာကို ဒါးနဲ့လိုက်ခုတ်နေတာကိုလည်း He run amok လို့ ပြောလို့ရပါတယ်။
ဒီအသုံးဆင်းသက်လာတက မလေးရှားစကားကဆိုတာကို အထက်မှာပြောခဲ့သလို အင်္ဂလိပ်စကားမှာ နိုင်ငံခြားဘာသာတွေကနေ ငှားသုံးထားတဲ့ ဝေါဟာရတွေထဲမှာ ဒီအသုံးကလည်း စကားလုံးတလုံး ဖြစ်ပါတယ်။ နောက်ပိုင်း ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ အိန္ဒိယမှာလည်း ဒီအသုံးကို ဆက်သုံးလာခဲ့ပြီး ဆင်မုန်ယိုပြီး မြင်သမျှကို လိုက်ဖျက်ဆီးနေတာကိုလည်း The elephant run amok လို့ ပြောကြပါတယ်။ အထူးသဖြင့် အာရှဝေါဟာရကို အခြေခံတဲ့ ဒီအသုံးကို ကိုလိုနီခေတ်က ဝတ္ထုဆောင်းပါးတွေ၊ ကဗျာတွေ ရေးသားခဲ့တဲ့ ဗြိတိသျှစာရေးဆရာကြီး Rudyard Kipling က အသုံးများ ရေးသားခဲ့တယ်လို့ ဆိုကြပါတယ်။ နောက်ပိုင်း နေ့စဉ်မှာတော့ လူတွေ ပရမ်းပတား လျှောက်ရမ်းနေတာကို ရည်းညွှန်သုံးသလို၊ စံနစ်တခု ဖြစ်ချင်ရာဖြစ်နေရင်လည်း run amok လို့ သုံးနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When his client was refused billed by the court, the lawyer said the justice system has run amok.

သူ့ အမှုသည်ကို တရားရုံးက အာမခံပေးဖို့ ငြင်းဆိုလိုက်တော့ ရှေ့ နေဖြစ်သူက တရားရေးစံနစ်ဟာ ဖြစ်ချင်ရာဖြစ်နေတယ်လို့ ပြောဆိုလိုက်တယ်။
နောက်ဆုံးတင်ပြပေးမယ့် စကားလုံးမှာ run for the money ဖြစ်ပါတယ်။ Run = ပြေးသည်၊ For = အတွက်၊ Money = ငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ငွေအတွက် ပြေးခိုင်းသည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ ပထမအဓိပ္ပါယ်က ကိုယ်ပေးတာထက် ပြိုင်ရတာ တန်တဲ့သဘော ဖြစ်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am lucky this week. The stock market was strong. So, I ran for my money in the stock.

ဒီသတင်းပတ် ကျနော်ကံကောင်းတယ်။ စတော့ ဈေးကွက်က အားကောင်းတယ်။ ကျနော်စတော့ထဲ ရင်းနှီးမြုပ်နှံထားတာ အမြတ်ရလိုက်တယ်။
ဒုတိယ အဓိပ္ပါယ်ဖြစ်တဲ့ ပြိုင်တဲ့နေရာမှာ ကိုယ်ပြိုင်ဖက်က အကြိတ်အနယ်ဖြစ်ရတယ်၊ မနည်းကြိုးစားရတယ်၊ အတော်လေး ကြိုးစားယူရတဲ့ အခြေအနေမျိုးဆိုရင်လည်း ဒီစကားလုံး အသုံးအနှုန်းကို အသုံးပြုပြောဆိုနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John got a run for his money playing cards with Tom. He’s lucky he got back the money he was losing at first.

John က Tom နဲ့ ဖဲကစားတာ မနည်းနိုင်အောင် ကစားယူရတယ်။ သူ ကံကောင်းလို့ အစောပိုင်းမှာ ရှုံးထားတဲ့ငွေတွေကို ပြန် အနိုင်ယူကစားနိုင်ခဲ့တယ်။

အချိန်ဆိုင်ရာ အင်္ဂလိပ်အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ big time, in the nick of time နဲ့ the time of your life တို့ ဖြစ်ပါတယ်။

အခုလို အချိန်ကာလမှာ လူအများစုဟာ New Year Resolution(s) ခေါ်တဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Big Time ဖြစ်ပါတယ်။ Big = ကြီးမားသော၊ Time = အချိန် တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက် အဓိပ္ပါယ်ကတော့ ကြီးမားသောအချိန် ဖြစ်ပါတယ်။  အီဒီယံအဓိပ္ပါယ်အရတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ တို့အဖြစ် သုံးစွဲပြောဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I really had a big time at the New Year party I went to last year. The food was great, and I got to meet some  big time people like Senators, and other important people like that.

ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ။ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ In the Nick of Time ဖြစ်ပါတယ်။ အချိန်မှီ လက်မတင်လေး လို့ အီဒီယံအဓိပ္ပါယ်ရှိပါတယ်။

ပါတီပွဲ လွတ်မလို့ လက်မတင်လေး မှီလိုက်တဲ့ George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We had a flat tire on our way to Henry's party, but we still got there in the nick of time five minute to twelve. Just in time to raise the glass and say hello to the New Year.

Henry ရဲ့  ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ၁၂ နာရီထိုးဖို့  ၅ မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ The Time of Your Life ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးထုတ်ပြီး စာလုံးပေါင်းကို တင်ပြလိုပါတယ်။ Time နဲ့ Life တို့ ဖြစ်ကြပါတယ်။ The time of life က ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It was a New Year Eve in 1941. But, I still remember it like it's yesterday. I went to that party and had a time of my life because I met the beautiful girl I have been married to for fifty years.

၁၉၄၁ ခုနှစ် နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့ကဖြစ်တဲ့ အဖြစ်အတိုင်းလိုပါပဲ။ မှတ်မီပါသေးတယ် ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်ကို တွေ့ဆုံခဲ့ပြီး သူမနဲ့ ကျနော် လက်ထပ်နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ကြာရှိခဲ့ပြီ။

Monday, February 28, 2011

အမျိုးသမီး နှလုံးရောဂါလက္ခဏာ

ဒီတပတ်မှာ ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေလို့ နှလုံးသားတွေ (ကျန်းမာ) အားကောင်းနိုင်အောင် နှလုံးရောဂါအကြောင်း ဆွေးနွေးထားပါတယ်။  အမျိုးသမီးတွေ အများစုမှာ နှလုံးရောဂါဖြစ်လာရင် အမျိုးသားတွေလို ရောဂါလက္ခဏာ သိသိသာသာ မပြတာကို အရင်က ဆေးကျောင်းတွေမှာ မသင်ခဲ့ရပါဘူး။ လူအများလဲမသိခဲ့ကြပါဘူး။

နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ် ရှိမရှိ သိရအောင် ဘာတွေကို ကြိုတင်စစ်ဆေး တိုင်းတာကြည့်ဖို့ လိုပါလဲ။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ Cholesterol အဆီများတဲ့ အစာလျော့စားဖို့၊ ဆေးလိပ်မသောက်ဖို့၊ အရက်ကို အကန့်အသတ်နဲ့ ထိန်းသောက်ဖို့၊ အားကစားလုပ်ဖို့နဲ့  စိတ်ဖိစီးမှု့ ဒဏ်တွေကို ပြန်ဖြေလျော့သွားအောင် လုပ်တတ်ဖို့ လိုပါတယ်။

ဒါ့အပြင် နောက်ဆုံး သုတေသန တွေ့ရှိချက်တခုမှာတော့ နေ့စဉ်အိပ်ချိန် ၆ နာရီထက် နဲရင်နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ်တွေကို ပိုများလာစေနိုင်တယ်လို့ ထောက်ပြထားတာမို့ အိပ်ချိန်ကိုလည်း ဂရုစိုက်ဖို့ လိုလာနေပါပြီ။

ဒီအကြောင်းအရာတွေကို ဗွီအိုအေ သတင်းထောက် အာ့တ်ချိုင်းမ် (Art Chimes) နဲ. ပီတာ ဖဲ့ဒ်ဒင်းန်စကီး (Peter Fedynsky) တို့ သတင်းပို့ထားတာကို စုစည်းပြီး ကိုဝင်းမင်းက သုံးသပ်တင်ပြထားပါတယ်။

တိရစ္ဆာန် အခြေခံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ  တိရစ္ဆာန်တွေကို အခြေခံတဲ့ sacred cow, dark horse, clay pigeon နဲ့ fat cat တို့ကို တင်ပြပေးထားပါတယ်။

ဒီတပတ် တိရစ္ဆာန်တွေကို အခြေခံတဲ့ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ sacred cow ဖြစ်ပါတယ်။ ဒီစကားဆင်းသက်လာတာကတော့ မြန်မာနိုင်ငံရဲ့  အိမ်းနီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံ က ဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားရာ အိန္ဒိယနိုင်ငံမှာ နွားတွေကို အထွတ်အမြတ်ထားတာကို အများအသိပါ။ မြန်မာ့ဓလေ့မှာလည်း နွားဟာ လယ်ထွန်ရာမှာ အသုံးပြုတဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် ယူဆပြီး အမဲသားကို မစားပဲ ရှောင်ကြတတ်တဲ့ သဘောရှိပါတယ်။
Sacred = ဘာသာရေး အထွတ်အမြတ်၊ Cow = နွာ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ ဘာသာရေး အထွတ်အမြတ်အဖြစ် ထားတဲ့နွား ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ ပျက်ရယ်ခြင်း ခံထိုက်တောင်မှ တခြားသူတွေက မထိရဲ၊ မဝေဖန်ရဲတဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အရာ တခုခုကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံရေး လောကအကြောင်း တင်စားထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ကြရအောင်ပါ။
One of our biggest sacred cows is the national social security program, which pays many older Americans a pension. This program costs more money every year, but politicians are afraid to touch it because older folks have a lot of votes.

ကျနော်တို့ရဲ့ နိုင်ငံမှာ မထိရဲဆုံး အစီအစဉ်တွေအနက်မှာ တခုကတော့ သက်ကြီးရွယ်အို အမေရိကန် လူမျိုးတွေကို ပင်စင်လစာ ပေးတဲ့ အမျိုးသား ဖူလုံရေး စီမံကိန်းပါပဲ။ ဒီ စီမံကိန်းဟာ နှစ်စဉ်နဲ့အမျှ ငွေကြေးပိုပိုပြီး ကုန်ကျနေလျက် ရှိပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေး သမားတွေ က မထိရဲကြဘူး။ အကြောင်းကတော့ သက်ကြီးရွယ်အိုတွေဆီက မဲအတော်များများ ရနိုင်လို့ ဖြစ်ပါတယ်။
နောက်ထပ်တင်ပြမယ့် အီဒီယံ အသုံးအနှုန်းကတော့ dark horse ဆိုတာပါ။ Dark = နက်သည်၊ မှောင်သည်၊ အမဲရောင်၊ Horse = မြင်း တို့ ဖြစ်ကြပါတယ်။ ဒီစကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမဲရောင်ရှိတဲ့ မြင်း ဖြစ်ပါတယ်။  သာမန်အားဖြင့် ဒီအသုံးအနှုန်းက မြင်းပွဲကနေ ဆင်းသက်လာတာပါ။ လူကြိုက်မများတဲ့ ပြိုင်မြင်းတကောင်ဟာ တခါတရံ မြင်းလောင်းသူတွေရဲ့ ခန့်မှန်းချက်ကို ဆန့်ကျင်ပြီး အနိုင်ရရှိအောင် ပန်းဝင် နိုင်ခဲ့ရင် အဲဒီမြင်းကို Dark Horse တနည်းအားဖြင့် ကော်ကောင်း လို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ အခုခေတ်မှာတော့ မြင်းပွဲကို ကျော်လွန်ပြီး၊ နိုင်ငံရေးမှာလည်း အသုံးပြုလာကြပါပြီ။ အဓိပ္ပါယ်ကတော့ အများလူထုက မသိကြသေးတဲ့ နိုင်ငံရေး ကိုယ်စားလှယ်တဦးဟာ နာမည်ရပြီးသား ဝါရင့် နိုင်ငံရေးသမားတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရဲသူကို ဆိုလိုပါတယ်။

သာမန်အားဖြင့် ဒီလို နိုင်ငံရေးသမားဟာ ရှုံးလေ့ရှိပေမယ့် အခု George Crows တင်ပြပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်။
Our Congressman had been in Washignton for 20 years. I thought we keep voting for him forever. This year though, the other party nominated a dark horse out of nowhere. Well, he kept telling voters it was time for a change and he won the election.

ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဝါရှင်တန်မှာ ရောက်နေတာ အနှစ် (၂၀) ရှိသွားပြီ။ ကျနော်တို့တွေ သူ့ကို တသက်လုံး မဲပေးသွားလိမ့်မယ်လို့ သူအနေနဲ့ ယူဆထားပုံရတယ်။ ဒီနှစ်မှာတော့ တဘက်က နိုင်ငံရေးပါတီက လူသိပ်မသိတဲ့ ပုဂ္ဂိုလ်တဦးကို အမည် တင်သွင်းခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်က မဲဆန္ဒရှင်တွေကို အပြောင်းအလဲ လိုနေပြီလို့ တိုက်တွန်းခဲ့ပြီး အခုတော့ ရွေးကောက်ပွဲကို အနိုင်ရရှိသွားခဲ့တယ်။
နောက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ clay pigeon ဖြစ်ပါတယ်။ Clay = ရွှံ့ စေး၊ Pigeon = ခိုငှက် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ရွှံ့ စေးနဲ့ လုပ်ထားတဲ့ ခိုငှက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဓိပ္ပါယ်က ငှက် မဟုတ်ပါဘူး။ Clay pigeon က ပြောင်းတိုသေနတ် လက်တည့်စမ်းရာမှာ သုံးတဲ့ ပစ်မှတ်ပြား ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အဲဒီအပြားကို လေထဲမြောက်တင်ပြီး မြေမကျခင် သေနတ်နဲ့ ထိမှတ်အောင် ပစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ clay pigeon လို့ အီဒီယံအနေနဲ့ သုံးတဲ့အခါ အဓိပ္ပါယ်က သူတပါးတွေ ပြုသမျှနုရတဲ့ ပစ်မှတ်လို့ ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When it comes to giving money to baggers, Bill is a real clay pigeon. He can’t turn anybody down. He has his hands in his pockets reaching for money before they finish asking.

Bill က သူတောင်းစားတွေနဲ့တွေ့ရင် တခါတည်း ပြားပြားကိုဝပ်နေတာဘဲ။ ဘယ်သူကိုမှ သူက မငြင်းရက်ဘူးလေ။ ဟိုက လက်ဖြန့်တောင်းလို့ မဆုံးသေးဘူး သူလက်က အိတ်ထောင်ထဲ ရောက်သွားနေပြီ။
နောက်ဆုံး တင်ပြချင်တဲ့ အီဒီယံ အသုံးကတော့ fat cat ဖြစ်ပါတယ်။ Fat = ဝသော၊ Cat = ကြောင် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဝတဲ့ ကြောင် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က ဘဏ်ထဲမှာ ငွေအမြောက်အများနဲ့ ကြွယ်ဝနေတဲ့ လူ ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေး စကားအသုံးအနေနဲ့လည်း သုံးတတ်ကြပါတယ်။ ရွေးကောက်ပွဲ ဝင်သူကို ရံပုံငွေ အလှူငွေ တနင့်တပိုးကြီး ပေးတတ်သူကိုလည်း ဆိုလိုပါတယ်။

ပြိုင်ဘက်ကိုယ်စားလှယ်က သူမှာ ရံပုံငွေ နည်းနေတာကို ပြောပြထားတဲ့ George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။
This year the other party is way ahead of us when it comes to campaign money. They have all the fat cats supporting them, so they can buy twice as much TV time as we can afford.

ဒီနှစ်မှာတော့ ရွေးကောက်ပွဲ ရံပုံငွေ အနေနဲ့ ဆိုရင် တခြားပါတီက ကျနော်တို့ထက် သိပ်ကို အသာစီးရနေပြီ။ သူတို့ကို ထောက်ခံကြသူတွေက ထည့်ဝင်တဲ့ ရံပုံငွေတွေက အနင့်သားကို ရနေကြပြီလေ။ ဒီတော့ ကျနော်တို့ထက် ရုပ်မြင်သံကြားမှာ မဲဆွယ်ကြော်ညာ နှစ်ဆတိုး ၀ယ်နိုင်တယ်။

break ဆိုင်ရာ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ all the breaks, break the news, break even, break the ice နဲ့ take a break တို့ကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး အီဒီယံအသုံးအနှုန်းမှာ all the breaks ဖြစ်ပါတယ်။ Break ဆိုတဲ့ ဝေါဟာရရဲ့ ကြိယာ သို့ နာမ် အဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီ နေရာမှာတော့ နာမ်အဖြစ် အသုံးပြုထားပါတယ်။ Break ရဲ့  ကြိယာအဓိပ္ပါယ်က ချိုးတာ၊ ခွဲတာ၊ အက်တာ ဖြစ်ပေမယ့် အခု နာမ်အဖြစ်သုံးထားတဲ့ နေရာမှာတော့ ခဏရပ်နားတာ၊ အားလပ်ချိန်၊ အခွင့်အလမ်း စသဖြင့် ဆိုလိုပါတယ်။ All = အားလုံး၊ the breaks = အခွင့်အလမ်း၊ ရပ်နားချိန် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရပ်နားတဲ့အချိန်၊ အခွင့်အလမ်း အားလုံးတို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ break ကို ကံကောင်းတဲ့ ဖြစ်ရပ်ကိုလည်း ရည်ညွန်းပြီးသုံးလို့ရပါတယ်။

အားကစားနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We should have beaten those guys. We have a better team. But the football took all the lucky bounces for them. What can you do when the other team gets all the breaks.

ဒီမောင်တွေကို ကျနော်တို့က အနိုင်ရဖို့ ကောင်းတာဗျ။ ကျနော်တို့ အသင်းက တကယ်တော့ ခြေပိုသာတယ်။  ဒါပေမဲ့ဗျာ ဘောလုံးက သူတို့ လက်ထဲချည်းပဲ ရောက်ရောက်သွားတယ်။ သူတို့ဖက်က အခွင့်အလမ်းတွေ အားလုံးရနေတော့လည်း ကျနော်တို့ ဘယ်တတ်နိုင်မလဲ။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ break the news ဖြစ်ပါတယ်။ ဒီနေရာမှာ ကြိယာ (verb) အဖြစ် သုံးထားပြီး အဓိပ္ပါယ်ကတော့ ချိုးသည်၊ ခွဲသည်၊ အက်စေသည်၊ ချိုးဖောက်သည် ဖြစ်ပါတယ်။ The news ကတော့ သတင်းဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သတင်းကို ချိုးတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ သတင်းကို ပထမဦးဆုံး ကာယကံရှင်ကို အသိပေးတာ၊ အကြောင်းကြားတာ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ သတင်းဆိုရင်တော့ အရိပ်အခြေကြည့်ပြီး ဖြေးဖြေးပြောသင့်ရင်လည်း ပြောရမယ်လို့ ဆိုရမှာပါ။

ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
That old fellow who runs our mail room has been with us for 30 years. But, he can’t handle the work anymore. So, I am going to have to break the news to him that is time for him to retire.

စာပို့ခန်းမှာ လုပ်နေတဲ့ အဖိုးကြီးဟာ ကျနော်တို့နဲ့ အတူတူ အလုပ်လုပ်တာ အနှစ် ၃၀ ရှိသွားပြီ။ ဒါပေမဲ့ အခုတော့ သူဟာ သူ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ ဒါကြောင့် အငြိမ်းစားယူဖို့ အချိန်တန်ပြီလို့ သူ့ကို စပြီအသိပေးရတော့မယ် ဖြစ်ပါတယ်။
ဆက်လက်တင်ပြမယ့် အီဒီယံအသုံးကတော့ break even ဖြစ်ပါတယ်။ Break = ချိုးတာ၊ ခွဲတာ၊ Even = မျှတခြင်း ဆိုတော့ လုံးကောက် အဓိပ္ပါယ်ကတော့ ချိုးတဲ့နေရာမှာ မျှမျှတတ ချိုးတာ၊ ခွဲတာ ဖြစ်ပါတယ်။ ဒီအသုံးကို အီဒီယံ သဘောအရတော့ စီးပွားရေးအရောင်းအဝယ်မှာ သုံးလေ့ရှိတာ တွေ့ရပါတယ်။ အရှုံးနဲ့အမြတ်က ဘဲစားဘဲခြေ ဖြစ်တယ်၊ ဇတူဖြစ်တယ်၊ တနည်း မြတ်လည်းမမြတ် ရှုံးလည်းမရှုံး အရှုံးနဲ့အမြတ် ကာမိတယ်ဆိုရင် break even သုံးနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။
My first year was pretty tough. In fact, we lost money. This second year, I think, we will break even. And, now we are getting more customers. Next year, we expect to make a healthy profit.

ကျနော်တို့ ပထမနှစ်တုန်းက အတော်လေး အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ငွေတောင် အရှုံးပေါ်တယ်လို့ ဆိုနိုင်တယ်။ ဒီ ဒုတိယနှစ်မှာတော့ ကျမတို့ ရင်းစား ပြန်ရနိုင်လိမ့်မယ်လို့ ထင်တာပါပဲ။ အခုတော့ ကျနော်တို့ဆီ လာရောက်အားပေးစားသောက်ကြတဲ့ လူတွေ များလာတော့ နောက်နှစ်အတွက်တော့ အမြတ်အတော်လေး ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
နောက်ထပ် တင်ပြမယ့် အီဒီယံအသုံးကတော့ break the ice ဖြစ်ပါတယ်။ Break = ခွဲတာ၊ ချိုးတာ နဲ့ ice = ရေခဲ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ရေခဲကို ခွဲတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တစိမ်းတယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ ဘယ်လို စကားပြောရမလဲလို့ အကြံအိုက်တဲ့ အချိန်မျိုးမှာ တခုခုကို စပြီးတော့ ပြောလိုက်ခြင်းအားဖြင့် ရှက်အမ်းအမ်း ဖြစ်နေရာကနေ ခင်မင် ရင်းနှီးမှု ရရှိလာတယ်၊ ပြောရဲဆိုရဲ ရှိလာတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင် break the ice လို့ ပြောဆိုနိုင်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အေးတိအေးစက်နိုင်လှတဲ့သူကို ရေခဲတုံးလို့ တင်စားခေါ်ဝေါ်တာ သောတရှင်များလည်း အသိပဲဖြစ်ပါတယ်။ တဖက်နဲ့တဖက် ဆက်ဆံရေး နွေးထွေးမှုရှိလာတယ် ဆိုလိုရှိရင် ဒီ အေးဆက်တဲ့ အနေအထားကနေပြီးတော့ နွေးသွားတာကို ရည်ညွန်းပြောလေ့ရှိပါတယ်။

လွန်ခဲ့တဲ့ ညက ဧည့်ခံပွဲပါတီတခုကို တက်ရောက်ခဲ့သူ လူငယ်တဦးက သူ့မိတ်ဆွေကို ပြန်ပြောပြတဲ့ George Crow ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။
Somebody introduced me to this very lovely girl. At first, we didn’t know what to say to each other. But, finally we managed to break the ice by talking about a movie. Now I am taking her to a show Saturday night.

ကျနော်ကို လူတယောက်က သိပ်ပြီး လှတဲ့မိန်းကလေးတယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ပထမတော့ ကျနော်တို့ တယောက်နဲ့ တယောက် ဘာ စပြောရမှန်းမသိဘူး။ နောက်ဆုံးကျတော့ ရုပ်ရှင်အကြောင်းပြောရင်းနဲ့ ကျနော်တို့ နှစ်ဦး ခင်မင်ရင်းနှီးလာခဲ့ကြတယ်။ စနေနေ့ညကျရင် ကျနော် သူ့ကို ပွဲကြည့်ဖို့ ခေါ်သွားမယ်။
နောက်ဆုံး တင်ပြမယ့် အီဒီယံအသုံးကတော့ take a break ဖြစ်ပါတယ်။ Take = ယူပါ၊ Break -= ခေတ္တရပ်နားပါ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခေတ္တရပ်နားကြစို့ လို့ အဓိပ္ပါယ်ရပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တခုခုကို ဆက်တိုက်လုပ်နေရကနေ ခေတ္တရပ်နားတာကို ရည်ညွန်းပြောဆိုတာ ဖြစ်ပါတယ်။

ည ၁၀ နာရီအထိ တောက်လျှောက် စာကြည့်လာသူ ခေတ္တရပ်နားရအောင်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာ ကို လေ့လာကြည့်ရအောင်ပါ။
It’s ten o’clock now, let’s take a break and have a cup of coffee.

၁၀ နာရီ ထိုးပြီလေ။ ဒါကြောင့် ခဏလောက် နားကြပြီး ကော်ဖီ တခွက်လောက် သောက်ကြရအောင်။

့heart စကားလုံးဆိုင်ရာ အသုံးအနှုန်း

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ (Valentine’s Day) ကို ရည်းစူးပြီး ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart throb, pull your heart string, heart to heart နဲ့ to wear your heart on your sleeve အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart throb ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ Throb = (ကြိယာ) ခုန်သည်။ ရင်ခုန်သည်။ ဒီနေရာမှာ heart နဲ့တွဲသုံးထားတဲ့ throb ကတော့ ရင်ခုန်စေတဲ့လူ ကို ဆိုလိုပါတယ်။ ရင်ခုန်တယ်ဆိုတော့ ကိုယ်ကမေတ္တာရှိလို့ အမျိုးသမီး သို့မဟုတ် အမျိုးသားကို တွေ့မြင်လိုက်ရင် ရင်ခုန်တယ်၊ စိတ်လှုပ်ရှားတယ်၊ ဖီလင် (feeling) တက်လာခြင်း သဘောဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုရင်ခုန်စေတဲ့ ကိုယ့်ချစ်သူ သို့မဟုတ် ကိုယ့်ကနှစ်သက်နေတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော် စသဖြင့်တို့ကို ကိုယ့်ရဲ့  heart throb တနည်း အသဲစွဲလို့ ဘန်းစကားအရ ပြောဆိုကြပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
During my mother’s day, Elvis Presley was the heart throb of most teenage girls. They would scream every time he appeared on stage.

ကျနော့်အမေတို့ ခေတ်တုန်းက ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့  အသဲစွဲက Elvis Presley ဖြစ်တယ်။ သူ စတိတ်စင်ပေါ်တက်လာတိုင်း အမျိုးသမီးတွေက အသံကုန်အော်ဟစ် အားပေးကြတယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ pull your heart string ဖြစ်ပါတယ်။ Pull = ဆွဲသည်၊ Your = သင်၏၊ Heart = အသဲနှလုံး၊ String = ကြိုးစ တို့ ဖြစ်ကြပါတယ်။ အသဲနှလုံးရဲ့  ကြိုးများကို ဆွဲယူသည် ဖြစ်ပါသည်။ ကျမတို့ မြန်မာမှာလည်း သံယောဇဉ်နှောင်ကြိုးတွေလိုမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်က အသဲနှလုံးမှာ ခံစားချက်ပြင်းထန်ကြီးမားတာမျိုးကို ဆိုလိုပါတယ်။ တနည်းတော့ ရင်ထဲမှာ၊ အသဲထဲမှာ ခိုက်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မေတ္တာကြီးလို့ပဲဖြစ်ဖြစ်၊ အကြင်နာတရား ကြီးမားလို့ပဲဖြစ်ဖြစ်၊ သနားစိတ်ကြောင့်ဖြစ်ဖြစ် ရှိတဲ့ခံစားမှုမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The story we saw on TV about the victims of the Haiti earthquake last year pulled our heart string.

မနှစ်တုန်းက ဟေတီမြေငလျင်သင့်တဲ့ လူတွေအကြောင်း တီဗွီပေါ်မှာ မြင်လိုက်ရတော့ ကျနော်တို့ တော်တော်လေး ရင်ထဲအသဲထဲမှာ စိတ်မကောင်းဖြစ် ခံစားကြရတယ်။
တတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart to heart ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ to = သို့၊ Heart = အသဲနှလုံး တို့ ဖြစ်ကြပြီး အသဲနှလုံးတခုမှ နောက်တခုသို့။ တနည်းအားဖြင့် အသဲနှလုံးအချင်းချင်း လို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရှိကိုအရှိအတိုင်း သူ့စိတ်ထဲမှာရှိတာ ကိုယ်စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
After having a good heart to heart talk with my friend, we understood each other much better and managed to be on better term.

ကျနော့်သူငယ်ချင်းနဲ့ ကျနော့်ကြား သူကလည်း သူ့စိတ်ထဲရှိတဲ့အတိုင်းပြော ကျနော်ကလည်း ကျနော့်စိတ်ထဲရှိတဲ့အတိုင်းပြောကြတော့ တဦးနဲ့တဦး ပိုမိုနားလည်းလာကြတယ်။ ခင်မင်မှုလည်း ပိုခိုင်မြဲလာတယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ to wear your heart on your sleeve ဖြစ်ပါတယ်။ To wear = ဝတ်ဆင်သည်၊ Your = သင်၏၊ Your heart = သင်၏ အသဲနှလုံး On = အပေါ်မှာ၊ Sleeve = အင်္ကျီလက် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က အင်္ကျီလက်ပေါ်မှာ သင့်ရဲ့  အသဲနှလုံးကို တပ်ထား၊ တင်ထားတဲ့သဘော ဖြစ်ပါတယ်။ ကိုယ့်ရဲ့  လက်ပေါ်မှာ အသဲနှလုံးကို တင်ထားတပ်ထားတဲ့ တင်စားပြောတဲ့ သဘောက ကိုယ့်စိတ်ထဲ၊ ခံစားချက်ကို လူတွေက ကိုယ့်ကိုမြင်တာနဲ့ သဘောပေါက်ကြတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အထူးသဖြင့် လူတဦးတယောက်အပေါ် မေတ္တာရှိနေပြီဆိုရင် အဲဒီလူကို ဘယ်လောက်ကြိုက်တယ်၊ ချစ်တယ်၊ မြတ်နိုးတယ်ဆိုတာကို ပေါ်လွှင်နေတဲ့သဘော ဖြစ်ပါတယ်။ အလားတူပဲ မုန်းတယ်ဆိုရင်လည်း ဘယ်လောက်မုန်းတယ်ဆိုတာကို သူရဲ့  အပြုအမှု၊ သူ့ပုံစံအရ သိသာနိုင်တာကို ဆိုလိုပါတယ်။
မေတ္တာနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
All his friends know John is in love with Nancy. He wears his heart on his sleeve.

John တယောက် Nancy အပေါ် မေတ္တာရှိနေတယ်ဆိုတာကို သူ့သူငယ်ချင်းတွေအားလုံး သိကြတယ်။ သူကလည်း သူဘယ်လို ခံစားချစ်မြတ်နိုးတယ်ဆိုတာကို လူတွေသိအောင် နေထိုင်ပြတယ်။

heart ဆိုင်ရာ အီဒီယံအသုံးအနှုန်း

ဓာတ်ပုံ photos.com
Valentine's Day
ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့ (Valentine’s Day) ကို ရည်းစူးပြီး ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart and soul, eat your heart out နဲ့ lose heart အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ heart and soul  ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ Soul = အသက်ဝိညာဉ် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသဲရော၊ အသက်ရော ဆိုတော့ နှစ်နှစ်ကာကာ ရာနှုန်းပြည့်ခံစားချက် ဒါမှမဟုတ် အခါရာ အကျဆုံးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mr. and Mrs. Smiths just celebrated their golden wedding anniversary. They are happily married and loved each other with heart and soul.

Mr. နဲ့ Mrs. Smiths တို့နှစ်ယောက် သူတို့ ရွှေရတုမင်္ဂလာပွဲကို မကြာမီကပဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးကလည်း စိတ်ချမ်းသာစရာ ဖြစ်သလို တဦးပေါ်တဦးလည်း အသက်တမျှ ချစ်ကြတယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ eat your heart out ဖြစ်ပါတယ်။ Eat = စားသည်။ Your = သင်၏၊ Heart = အသဲနှလုံး၊ Out = ကြိယာဝိသေသန (adverb) က အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာတော့ ကုန်ခမ်းသွားတယ် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲကို ကုန်သွားအောင် စားပစ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ထဲမှာ နာနာကျည်းကျည်း ခံစားရတာ၊ ဝမ်းနည်းကြေကွဲလွန်လို့၊ မနာလို သဝန်တိုစိတ် ရှိလွန်လို့၊ မရနိုင်တာကို ဆွေးတမြေ့မြေ့နဲ့ ခံစားရတာမျိုး စသည်ဖြင့် အခြေအနေအလိုက် အသုံးပြုနိုင်ပါတယ်။ တခါတရံလည်း လူတဦးဦးကို မခံမရပ်ဖြစ်အောင် ပြောတဲ့နေရာမှာလည်း ပြောဆိုနိုင်ပါတယ်။ မင်းမနာလိုဖြစ်ရင်လည်း ဖြစ်ပေါ့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Eat your heart out my friend. Our team won the first prize.

မင်းမခံချင်အောင် ငါ ပြောရအုန်းမယ် သူငယ်ချင်းရေ - ငါတို့အသင်းက ပထမဆု ရရှိတယ်။
Eat your heart out ကို မခံချိမခံသာဖြစ်၊ စိတ်ဆင်းရဲဖြစ်တဲ့ အနေအထားမျိုးနဲ့ Geoge Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။
Spain beat the Netherlands one to nothing during the 2010 FIFA World Cup leaving the Netherlands team members eating their hearts out.

၂၀၁၀ ဖီဖာ ကမ္ဘာ့ဘောလုံးပွဲမှာ နယ်သာလန်အသင်းကို စပိန်အသင်း က တစ်ဂိုး ဂိုးမရှိနဲ့ အနုင်ရလိုက်တော့ နယ်သာလန်ဘောလုံးအသင်းသားတွေ စိတ်ပျက်ကျန်ခဲ့ကြတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Lose heart ဖြစ်ပါတယ်။ Lose = ဆုံးရှုံးသည်၊ Heart = အသဲနှလုံး တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲနှလုံး ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ heart ကို ဒီနေရာမှာ စိတ်ဓါတ်အဖြစ်၊ သတ္တိအဖြစ် ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lose heart က စိတ်ဓါတ်ကျတာ၊ အားလျော့တာ၊ အားမရှိတာ၊ ယုံကြည်စိတ်ချမှု လျော့နည်းလာတာ စသဖြင့်ကို ဆိုလိုတာ ဖြစ်ပါတယ်။
အလုပ်က ဖြုတ်ခံရတဲ့လူတဦးကို အားပေးတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Please don’t lose heart. Keep trying. There will be other chances to get a better job.

မင်းစိတ်ဓါတ် မကျပါနဲ့ကွာ။ ဆက်လက်ကြိုးစားပါ။ ပိုကောင်းတဲ့အလုပ်ရဖို့ တခြားအခွင့်အလမ်းတွေလည်း ပေါ်လာမှာပါ။
Lose heart ဝေါဟာရကြားမှာ your ကို ထည့်ပြီး lose your heart ဆိုပြီးသုံးရင် အဓိပ္ပါယ်က ပြောင်းသွားပါတယ်။ တဦးဦးအပေါ်မှာ မေတ္တာရှိတာ၊ တခုခုကို ခုံမင်နှစ်သက်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I lost my heart to Mary ten years ago when I saw her at a party. We soon got married and now we have three kids.

လွန်ခဲ့တဲ့ ဆယ်နှစ်က Mary ကို ကျနော် ပါတီတခုမှာ တွေ့လိုက်ချိန်မှာ သူ့အပေါ် မေတ္တာရှိ ချစ်ကြိုက်မိခဲ့တယ်။ မကြာခင် ကျနော်တို့ လက်ထပ်လိုက်ကြပြီး အခုဆို သားသမီး သုံးယောက်တောင် ရလာခဲ့ပြီ။

ရေ ဆိုင်ရာအင်္ဂလိပ်စာသင်တန်း

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ water down, test the water(s) နဲ့ fish out of water တို့ကို တင်ပြပေးသွားပါမယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ water down ဖြစ်ပါတယ်။ Water = ရေ၊ Down = အောက်ဖက် ဖြစ်ပါတယ်။ Water ကို Down နဲ့ တွဲသုံးထားတဲ့ အီဒီယံအဓိပ္ပါယ်က ထိရောက်မှုကို လျော့နည်းအောင်၊ အားပျော့အောင်၊ ပြင်းထန်မှုကို သက်သာအောင် ပြုလုပ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ တခုခုကို ရေနဲ့ရောလိုက်တဲ့အခါ အဲဒီ အရောခံရတဲ့ နဂိုရှိရင်က အားပျော့၊ အာနိသင် လျော့သွားတာ။ ဟင်းတွေဘာတွေဆိုရင်လည်း ရေရောလိုက်ရင် ကျဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် တခုခုကို အားလျော့စေတယ်၊ အားနည်းစေတယ်၊ အာနိသင်လျော့စေချင်တယ်ဆိုရင် water down ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။
ဒီ အသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The new policy is a water down version of the old one. So, it will not protect the worker’s rights.

ပေါ်လစီအသစ်က အဟောင်းမှာပါတာထက် အားပျော့နေတော့ အလုပ်သမားတွေရဲ့  အခွင့်အရေးကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ test the water or test the waters ဖြစ်ပါတယ်။ Test = စမ်းသပ်သည်။ Water = ရေ တို့ ဖြစ်ပါတယ်။ အကယ်၍ waters ဆိုရင် ရေပြင် လို့ အဓိပ္ပါယ်ရှိပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က ရေ သို့မဟုတ် ရေပြင်ကို စမ်းသပ်ကြည့်သည် ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ တခုခုကို စမ်းသပ်ကြည့်တာ။ မြန်မာစကားမှာတော့ မြေစမ်းခရမ်းပျိုး သဘောဖြစ်ပါတယ်။ ရေကို အေးသလား၊ ပူသလား စမ်းသပ်သလို၊ ရေပြင်ဟာ သွားရေးလာရေးအတွက် အန္တရာယ်ကင်းသလား၊ လှိုင်းချက်အနေအထား ဘယ်လိုရှိသလဲဆိုတာကို အရင်စူးစမ်းလေ့လာတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ တခုခုကို မပြုလုပ်ခင် ဘယ်လောက်အောင်မြင်မှု ရှိသလဲ၊ ဘယ်လောက်လက်ခံနိုင်စရာ ရှိမလဲဆိုတာကို အစမ်းသဘော ပြုလုပ်တာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our company is testing the water to see if our new advertisement will increase our sale.

ကျနော်တို့ ကုမ္မဏီက ကြော်ငြာသစ်တွေထုတ်ပြီး အရောင်းပိုကောင်းလာမလားဆိုတဲ့ ရှေ့ ပြေးစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fish out of water ဖြစ်ပါတယ်။ Fish = ငါး၊ Out of = အပြင်ကို ထွက်လာသည်၊ အပြင်ကိုရောက်နေသည်၊ Water = ရေ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်မှာ ရေအပြင်ရောက်နေတဲ့ ငါး ဖြစ်ပါတယ်။ ရေထဲမှာ အသက်ရှင်တဲ့ ငါးအနေနဲ့ ရေအပြင်ဖက်၊ ကုန်ပေါ်ရောက်နေမယ်ဆိုရင် ဘယ်လိုအသက်ရှင် နေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ တကယ်လည်း နေ့စဉ်ဘဝမှာ ကိုယ့်သာမန် အသိုင်းအဝိုင်း၊ ကိုယ်နေထိုင်နေကြ လှုပ်ရှားသွားလာနေကြ အပေါင်းအသင်းတွေကြားမဟုတ်တဲ့ အနေစိမ်းတဲ့ ပတ်ဝန်းကျင်ထဲ ရောက်နေတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် နေရထိုင်ရ ခက်ခဲတဲ့သဘောမျိုး၊ ကိုယ်နဲ့ ပတ်ဝန်းကျင် မရင်းနှီးတဲ့အတွက်ကြောင့် မနေတတ် မထိုင်တတ်၊ အူကြောင်ကြောင်၊ စိတ်ထဲမလုံမလဲ ဖြစ်တတ်တဲ့ သဘောမျိုးကို fish out of water လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I felt like a fish out of water at the director’s party. All of the guests are famous and rich. I am just ordinary compare to all of them.

ကျနော်တယောက် ဒါရိုက်တာရဲ့  ပါတီကိုရောက်နေတာ မနေတတ်မထိုင်တတ် ဖြစ်လိုက်တာဗျာ။ ဧည်သည်တွေအားလုံးက နံမည်ကြီး လူချမ်းသာတွေ။ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်က အညတရသာမန် လူတယောက်ပါ။

Saturday, February 26, 2011

အထူးကုဆေးခန်း ပေါ့လျှော့ မှု

ပြည်မြို့ မျိုးသုခ အထူးကုဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများ၏ တာဝန်မဲ့ လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် သားဖြစ်သူအတွက် မိဘများက သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်။

သရက်မြို့တွင်နေထိုင်သည့် ဦးမောင်မောင၊ ဒေါ်ဝေဝေလွင်တို့က သားဖြစ်သူ အသက် (၃၄)နှစ်အရွယ် ဖိုးလမင်း(ခ) ကိုနေဇာမင်း မျိုးသုခ အထူးကုဆေးခန်းတွင် တက်ရောက်ကုသနေစဉ် သေဆုံးခဲ့တာနှင့် ပတ်သက်၍  မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့သို့ တိုင်ကြားစာပေးပို့ပြီး သရက်မြို့ ရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်း မိသားစုဝင် တဦးက ပြောသည်။
“နေဇာမင်းက အသဲရောင်အသားဝါဖြစ်လို့ (၁) လပိုင်း (၉)ရက်နေ့မှာ ပြည်မြို့က သမားတော် ဦးခင်မောင်ညွှန့်နဲ့တိုင်ပင်ပြီး မျိုးသုခအထူးကုဆေးခန်းကို ပို့လိုက်တာ၊ သမားတော်ကြီးကိုယ်တိုင် အချိန်မီ ရောက်လာလို့ အခြေအနေ ကောင်းပါတယ်လို့ ပြောတယ်၊ အဲဒီက သူနာပြုဆရာမက ဆရာဝန်ပြောတဲ့အတိုင်း မလုပ်ဘဲ သွေးပေါင်ကျနေတာကို သိလျှက်နဲ့ ဆေးမသွင်းပေးလို့ ဒီလိုဖြစ်သွားတာ” ဟု ပြောသည်။
အထူးကုဆေးရုံဆေးခန်းများ၏ ပေါ့ဆမှုကြောင့် လူနာရှင်များအနေဖြင့် နောက်နောင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်စေရန် ကိုနေဇာမင်း၏ မိဘများက အမှုဖွင့်တိုင်းကြားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ မျိုးသုခ ဆေးခန်းမှ ဆရာဝန်သူနာပြုများက သမားတော်ညွှန်ကြားသည့်အတိုင်း ဆေးဝါးကုသမှု အဆင့်ဆင့် မပြုလုပ်ဘဲ လူနာကို သေစေရန် ပြုမှုခဲ့သည့် လုပ်ရပ်ကို သရက်မြို့ ရဲစခန်းတွင် အမှုအမှတ် (ပ) ၇/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ အမှုဖွင့်တိုင်ကြားထားကာ အခင်းဖြစ်ပွားသည့် ပြည်မြို့ ရဲစခန်းသို့ လွှဲပြောင်းရန် ပြင်ဆင်နေကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကဲ့သို့ ကိုနေဇာမင်းသေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မျိုးသုခအထူးကု ဆေးခန်းပိုင်ရှင်က သူနာပြုဆရာမ၏ ပေါ့ဆမှုသာဖြစ်ကြောင်း ပြောသည်ဟု ၎င်းက ဆက်ပြောသည်။
“၁၃ ရက်နေ့ကျတော့ ဆေးခန်းပိုင်ရှင် ဒေါ်လှမြိုင်က လာပြီးတောင်းပန်တယ်၊ သူတို့ ပေါ့ဆလို့ဖြစ်တာပေါ့၊ ပြီးတော့ အဲဒီ သူနာပြုကိုလဲ အလုပ်ထုတ်လိုက်ပြီပြောတယ်၊ အဲဒါကို ကာယကံရှင်တွေက သူနာပြုကိုတွေ့ချင်တယ်ခေါ်ပေးပြောတော့ သူတို့မသိတော့ဘူး အလုပ်က ထွက်သွားပြီဆိုပြီး ဆေးခန်းက မန်နေဂျာက ပြောတယ်” ဟု ကိုနေဇာမင်း၏ မိသားစုဝင်က ပြောသည်။
အလားတူ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ SSC အထူးကုဆေးခန်းမှ ဆရာဝန်များ၏ ပေါ့ဆမှုကြောင့် မခိုင်ရွှမ်းလဲ့ရည်သေဆုံးခဲ့ရပြီး မကြာခဏ ဆိုသလိုပင် အထူးကုဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၏ ပေါ့လျော့မှုကြောင့် လူနာ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

ဖတ်ဖြစ်အောင် ဖတ်နော် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် တရွာလုံးပြောင်းရွေ့ ပေး

အငြိမ်းစား ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန်အတွက် ထားဝယ်မြို့ အရှေ့ပြင်ရွာ တရွာလုံးပြောင်းရွေ့ ပေးနေရပြီး သက်ဆိုင်ရာ အာဏာပိုင်များက ပြန်လည်နေရာ ချထားပေးခြင်း မရှိသည့်အတွက် ဒေသခံများ နေရေးထိုင်ရေးအခက်ခဲနှင့် ကြုံတွေ့နေရသည်။

တရွာလုံး ရွှေ့ပြောင်းခံရသည့် နေရာ
တရွာလုံး ရွေ့ပြောင်းခံရသည့် နေရာ
ယခုလ (၁)ရက်နေ့မှ စတင်၍ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ လေယာဉ်ကွင်းအနီး အရှေ့ပြင်ရွာတွင် ဒေသခံများကို ပြောင်းရွေ့ပေးရန် ခယက ဥက္ကဌက အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။
“ထားဝယ်ခရိုင် ခယက ဥက္ကဌနဲ့ သူ့လူတွေကလာပြီးတော့ ပြောင်းရွေ့ခိုင်းတာ၊ ဗဟိုကအမိန့်အရလို့ပြောတယ်၊ သူတို့က ကြိုတင်အကြောင်းမကြားဘဲ အခုလို အဓမ္မအာဏာသုံးပြီးလုပ်တော့ တော်တော်ကို ဒုက္ခရောက်တယ်” ဟု ပြောသည်။
အာဏာပိုင်များက  ရွာနှင့် ၁၀ မိုင်ကျော်ဝေးသည့် နေရာသို့  ဒေသခံများကို ပြောင်းရွေ့ခိုင်းပြီး ပြန်လည်နေရာချထားခြင်းမရှိသည့်အပြင် တစုံတရာ လျော်ကြေးပေးခြင်းလဲ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“တရွာလုံး အိမ်ခြေ (၁၄၀၀) ကျော်ရှိတယ်၊ မိသားစု (၁၈၀၀) နဲ့ ကလေးလူကြီးပေါင်း (၉၀၀၀)လောက်က အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်၊ အဲလိုဖြစ်နေတော့ တချို့က နီးစပ်ရာ ရွာတွေ၊ နောက်ထိုင်းနိုင်ငံဘက် ထွက်သွားတာတွေ ဖြစ်နေတယ်၊ ကျောင်းနေအရွယ်ကလေးတွေလဲ ဒုက္ခရောက်ကုန်တယ်” ဟု ဒေသခံက ဆက်ပြောသည်။
ထို့အပြင် ထားဝယ်မြို့ ကမျောဂန်းတံတားအနီး ဥခရံ ရပ်ကွက်တွင် မြို့သစ်တိုးချဲ့ရန်ဟုဆိုကာ ပြီးခဲ့သည့် လဆန်းပိုင်းက လယ်ဧက (၁၀၀၀) ကျော်နှင့် ဥယျာဉ်ခြံများစွာကို မြို့နယ် (မယက)နှင့် ခယက တို့ပေါင်းကာ သိမ်းယူခဲ့ပြီး လျော်ကြေးမပေးသည့်အပြင် ရောင်းချမှုများ ပြုလုပ်နေလျှက်ရှိသည်။
“သူတို့က အဲဒီမှာလည်း သိမ်းပြီးတော့ မြေကွက်ရိုက်ပြီး သိန်း(၄၀) ကနေ (၁၀၀) ကြားကို ပြန်ရောင်းနေတယ်၊ မြေသိမ်းခံလိုက်ရတဲ့ သူတွေကို တန်ရာတန်ကြေး လျော်ပေးတာလည်း မရှိဘူး” ဟု ပြောသည်။
၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင်လည်း လေယာဉ်ကွင်းဖောက်လုပ်ရန်အတွက် ဒေသခံ သုံးပုံ တပုံခန့် အိမ်ယာ၊ ဥယျာဉ်၊ ခြံမြေများသိမ်းဆည်းခံခဲ့ရပြီး လျော်ကြေးမရှိခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။
“အဲဒီတုန်းကလည်း အခုလိုဘဲ ဘာမှ လျော်ကြေးပေးတာမရှိဘူး၊ အကုန်သိမ်းတာ၊ အိမ်ခြေက ၃၇၀ နဲ့ ခြံလယ်တွေ ဧက (၇၀၀) ကျော် အသိမ်းခံခဲ့ရတယ်၊ ဒေသခံ တယောက်အနေနဲ့ ပြောရရင်တော့ တော်တော်ကို ကျနော်တို့ ဆုံးရှုံးခဲ့ရတယ်၊ ဒုက္ခလဲရောက်တယ်” ဟု ပြောသည်။