Monday, February 28, 2011

တိရစ္ဆာန် အခြေခံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ  တိရစ္ဆာန်တွေကို အခြေခံတဲ့ sacred cow, dark horse, clay pigeon နဲ့ fat cat တို့ကို တင်ပြပေးထားပါတယ်။

ဒီတပတ် တိရစ္ဆာန်တွေကို အခြေခံတဲ့ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးကတော့ sacred cow ဖြစ်ပါတယ်။ ဒီစကားဆင်းသက်လာတာကတော့ မြန်မာနိုင်ငံရဲ့  အိမ်းနီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံ က ဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားရာ အိန္ဒိယနိုင်ငံမှာ နွားတွေကို အထွတ်အမြတ်ထားတာကို အများအသိပါ။ မြန်မာ့ဓလေ့မှာလည်း နွားဟာ လယ်ထွန်ရာမှာ အသုံးပြုတဲ့ အသက်သခင် ကျေးဇူးရှင်အဖြစ် ယူဆပြီး အမဲသားကို မစားပဲ ရှောင်ကြတတ်တဲ့ သဘောရှိပါတယ်။
Sacred = ဘာသာရေး အထွတ်အမြတ်၊ Cow = နွာ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ အဓိပ္ပါယ်ကတော့ ဘာသာရေး အထွတ်အမြတ်အဖြစ် ထားတဲ့နွား ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ ပျက်ရယ်ခြင်း ခံထိုက်တောင်မှ တခြားသူတွေက မထိရဲ၊ မဝေဖန်ရဲတဲ့ ပုဂ္ဂိုလ်၊ ဒါမှမဟုတ် အရာ တခုခုကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံရေး လောကအကြောင်း တင်စားထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ကြရအောင်ပါ။
One of our biggest sacred cows is the national social security program, which pays many older Americans a pension. This program costs more money every year, but politicians are afraid to touch it because older folks have a lot of votes.

ကျနော်တို့ရဲ့ နိုင်ငံမှာ မထိရဲဆုံး အစီအစဉ်တွေအနက်မှာ တခုကတော့ သက်ကြီးရွယ်အို အမေရိကန် လူမျိုးတွေကို ပင်စင်လစာ ပေးတဲ့ အမျိုးသား ဖူလုံရေး စီမံကိန်းပါပဲ။ ဒီ စီမံကိန်းဟာ နှစ်စဉ်နဲ့အမျှ ငွေကြေးပိုပိုပြီး ကုန်ကျနေလျက် ရှိပါတယ်။ ဒါပေမဲ့လို့ နိုင်ငံရေး သမားတွေ က မထိရဲကြဘူး။ အကြောင်းကတော့ သက်ကြီးရွယ်အိုတွေဆီက မဲအတော်များများ ရနိုင်လို့ ဖြစ်ပါတယ်။
နောက်ထပ်တင်ပြမယ့် အီဒီယံ အသုံးအနှုန်းကတော့ dark horse ဆိုတာပါ။ Dark = နက်သည်၊ မှောင်သည်၊ အမဲရောင်၊ Horse = မြင်း တို့ ဖြစ်ကြပါတယ်။ ဒီစကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမဲရောင်ရှိတဲ့ မြင်း ဖြစ်ပါတယ်။  သာမန်အားဖြင့် ဒီအသုံးအနှုန်းက မြင်းပွဲကနေ ဆင်းသက်လာတာပါ။ လူကြိုက်မများတဲ့ ပြိုင်မြင်းတကောင်ဟာ တခါတရံ မြင်းလောင်းသူတွေရဲ့ ခန့်မှန်းချက်ကို ဆန့်ကျင်ပြီး အနိုင်ရရှိအောင် ပန်းဝင် နိုင်ခဲ့ရင် အဲဒီမြင်းကို Dark Horse တနည်းအားဖြင့် ကော်ကောင်း လို့ တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။ အခုခေတ်မှာတော့ မြင်းပွဲကို ကျော်လွန်ပြီး၊ နိုင်ငံရေးမှာလည်း အသုံးပြုလာကြပါပြီ။ အဓိပ္ပါယ်ကတော့ အများလူထုက မသိကြသေးတဲ့ နိုင်ငံရေး ကိုယ်စားလှယ်တဦးဟာ နာမည်ရပြီးသား ဝါရင့် နိုင်ငံရေးသမားတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ရဲသူကို ဆိုလိုပါတယ်။

သာမန်အားဖြင့် ဒီလို နိုင်ငံရေးသမားဟာ ရှုံးလေ့ရှိပေမယ့် အခု George Crows တင်ပြပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်။
Our Congressman had been in Washignton for 20 years. I thought we keep voting for him forever. This year though, the other party nominated a dark horse out of nowhere. Well, he kept telling voters it was time for a change and he won the election.

ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဝါရှင်တန်မှာ ရောက်နေတာ အနှစ် (၂၀) ရှိသွားပြီ။ ကျနော်တို့တွေ သူ့ကို တသက်လုံး မဲပေးသွားလိမ့်မယ်လို့ သူအနေနဲ့ ယူဆထားပုံရတယ်။ ဒီနှစ်မှာတော့ တဘက်က နိုင်ငံရေးပါတီက လူသိပ်မသိတဲ့ ပုဂ္ဂိုလ်တဦးကို အမည် တင်သွင်းခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်က မဲဆန္ဒရှင်တွေကို အပြောင်းအလဲ လိုနေပြီလို့ တိုက်တွန်းခဲ့ပြီး အခုတော့ ရွေးကောက်ပွဲကို အနိုင်ရရှိသွားခဲ့တယ်။
နောက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ clay pigeon ဖြစ်ပါတယ်။ Clay = ရွှံ့ စေး၊ Pigeon = ခိုငှက် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ ရွှံ့ စေးနဲ့ လုပ်ထားတဲ့ ခိုငှက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အဓိပ္ပါယ်က ငှက် မဟုတ်ပါဘူး။ Clay pigeon က ပြောင်းတိုသေနတ် လက်တည့်စမ်းရာမှာ သုံးတဲ့ ပစ်မှတ်ပြား ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အဲဒီအပြားကို လေထဲမြောက်တင်ပြီး မြေမကျခင် သေနတ်နဲ့ ထိမှတ်အောင် ပစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ clay pigeon လို့ အီဒီယံအနေနဲ့ သုံးတဲ့အခါ အဓိပ္ပါယ်က သူတပါးတွေ ပြုသမျှနုရတဲ့ ပစ်မှတ်လို့ ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When it comes to giving money to baggers, Bill is a real clay pigeon. He can’t turn anybody down. He has his hands in his pockets reaching for money before they finish asking.

Bill က သူတောင်းစားတွေနဲ့တွေ့ရင် တခါတည်း ပြားပြားကိုဝပ်နေတာဘဲ။ ဘယ်သူကိုမှ သူက မငြင်းရက်ဘူးလေ။ ဟိုက လက်ဖြန့်တောင်းလို့ မဆုံးသေးဘူး သူလက်က အိတ်ထောင်ထဲ ရောက်သွားနေပြီ။
နောက်ဆုံး တင်ပြချင်တဲ့ အီဒီယံ အသုံးကတော့ fat cat ဖြစ်ပါတယ်။ Fat = ဝသော၊ Cat = ကြောင် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဝတဲ့ ကြောင် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်က ဘဏ်ထဲမှာ ငွေအမြောက်အများနဲ့ ကြွယ်ဝနေတဲ့ လူ ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ နိုင်ငံရေး စကားအသုံးအနေနဲ့လည်း သုံးတတ်ကြပါတယ်။ ရွေးကောက်ပွဲ ဝင်သူကို ရံပုံငွေ အလှူငွေ တနင့်တပိုးကြီး ပေးတတ်သူကိုလည်း ဆိုလိုပါတယ်။

ပြိုင်ဘက်ကိုယ်စားလှယ်က သူမှာ ရံပုံငွေ နည်းနေတာကို ပြောပြထားတဲ့ George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။
This year the other party is way ahead of us when it comes to campaign money. They have all the fat cats supporting them, so they can buy twice as much TV time as we can afford.

ဒီနှစ်မှာတော့ ရွေးကောက်ပွဲ ရံပုံငွေ အနေနဲ့ ဆိုရင် တခြားပါတီက ကျနော်တို့ထက် သိပ်ကို အသာစီးရနေပြီ။ သူတို့ကို ထောက်ခံကြသူတွေက ထည့်ဝင်တဲ့ ရံပုံငွေတွေက အနင့်သားကို ရနေကြပြီလေ။ ဒီတော့ ကျနော်တို့ထက် ရုပ်မြင်သံကြားမှာ မဲဆွယ်ကြော်ညာ နှစ်ဆတိုး ၀ယ်နိုင်တယ်။

No comments: