Thursday, March 31, 2011

အချိန်ဆိုင်ရာ အင်္ဂလိပ်အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ big time, in the nick of time နဲ့ the time of your life တို့ ဖြစ်ပါတယ်။

အခုလို အချိန်ကာလမှာ လူအများစုဟာ New Year Resolution(s) ခေါ်တဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Big Time ဖြစ်ပါတယ်။ Big = ကြီးမားသော၊ Time = အချိန် တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက် အဓိပ္ပါယ်ကတော့ ကြီးမားသောအချိန် ဖြစ်ပါတယ်။  အီဒီယံအဓိပ္ပါယ်အရတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ တို့အဖြစ် သုံးစွဲပြောဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I really had a big time at the New Year party I went to last year. The food was great, and I got to meet some  big time people like Senators, and other important people like that.

ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ။ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ In the Nick of Time ဖြစ်ပါတယ်။ အချိန်မှီ လက်မတင်လေး လို့ အီဒီယံအဓိပ္ပါယ်ရှိပါတယ်။

ပါတီပွဲ လွတ်မလို့ လက်မတင်လေး မှီလိုက်တဲ့ George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We had a flat tire on our way to Henry's party, but we still got there in the nick of time five minute to twelve. Just in time to raise the glass and say hello to the New Year.

Henry ရဲ့  ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ၁၂ နာရီထိုးဖို့  ၅ မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ The Time of Your Life ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးထုတ်ပြီး စာလုံးပေါင်းကို တင်ပြလိုပါတယ်။ Time နဲ့ Life တို့ ဖြစ်ကြပါတယ်။ The time of life က ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။

George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It was a New Year Eve in 1941. But, I still remember it like it's yesterday. I went to that party and had a time of my life because I met the beautiful girl I have been married to for fifty years.

၁၉၄၁ ခုနှစ် နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့ကဖြစ်တဲ့ အဖြစ်အတိုင်းလိုပါပဲ။ မှတ်မီပါသေးတယ် ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်ကို တွေ့ဆုံခဲ့ပြီး သူမနဲ့ ကျနော် လက်ထပ်နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ကြာရှိခဲ့ပြီ။

No comments: