Thursday, March 31, 2011

storm အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ kick up a storm, a storm is brewing, weather the storm နဲ့ a storm in a teacup အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up a storm ဖြစ်ပါတယ်။ Kick = ကန်သည်။ Up = အပေါ်ဖက်သို့။ ဒီနေရာမှာ kick ကို up (ဝိဘတ်) နဲ့ တွဲသွားထားပြီး အဓိပ္ပါယ်က အပေါ်ကိုပက်သည်၊ ဒုက္ခပေးသည် တို့ ဖြစ်ပါတယ်။ Storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က မုန်တိုင်းတခုတိုက်ခိုက်အောင်၊ မုန်တိုင်းမွှေနှောက်အောင် လုပ်သည် ဖြစ်ပါတယ်။ သဘာဝ ဘေးဒုက္ခတခုဖြစ်တဲ့ မုန်တိုင်းတိုက်ခိုက်လာအောင် သဘာဝကပဲ လုပ်နိုင်တာဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ မုန်တိုင်းကို ဘဝမှာကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ တုနှိုင်းပြီး ပြောဆိုထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် kick up a storm ဆိုတဲ့ အီဒီယံအဓိပ္ပါယ်က ဒုက္ခဖြစ်စေအောင်၊ ဒေါကန်အောင်လုပ်တဲ့ အပြုအမှုမျိုးကို ဆိုလိုပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
My wife Mary will kick up a storm if I am late for dinner since it’s her birthday.

ကျနော့်ဇနီး Mary က သူ့မွေးနေ့မို့ ကျနော် ညနေထမင်းစာပြန် နောက်ကျရင်တော့ ဒေါသူပုန်ထလိမ့်မယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a storm is brewing ဖြစ်ပါတယ်။ Storm = မုန်တိုင်း, Brewing (Brew)= အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဥပမာ - အရက်ချက်လုပ်ခြင်းကို brew, တခုခုကို ဖန်တီးလုပ်ဆောင်ခြင်းကိုလည်း brew, ကော်ဖီ၊ လက်ဖက်ရည် နှပ်တာကိုလည်း brew လို့ ပြောဆိုသုံးစွဲနိုင်ပါတယ်။ Storm နဲ့ Brew ကို တွဲသုံးရင် မုန်တိုင်း အစပျိုးအောင်၊ မုန်တိုင်း စတိုက်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ တနည်းအားဖြင့် မုန်တိုင်းကျလာတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က မုန်တိုင်းအစပျိုးလာပြီ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း မုန်တိုင်းလို့ တင်စားခေါ်တဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ စိတ်သောကတွေ ဒေါသသူပုန်ထဖို့ ရှိနေတယ်ဆိုရင် a storm is brewing လို့ ပြောဆိုကြပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Have you seen our boss today? He looks very angry. You can tell a storm is brewing.

ကျနော်တို့ အရာရှိကို တွေ့မိသေးသလား။ သူကိုကြည့်ရတာ သိပ်စိတ်တိုနေပုံရတယ်။ ပြဿနာစတော့မယ် ထင်တယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ weather the strom ဖြစ်ပါတယ်။ Weather = ဒီနေရာမှာ "ရာသီဥတု" အဓိပ္ပါယ်ရှိတဲ့ နာမ်စား (noun) အနေနဲ့ အသုံးပြုထားတာ မဟုတ်ပါဘူး။ ကြိယာ (verb) အဖြစ် အသုံးပြုထားပြီး "ခံနိုင်ရည်ရှိသည်" ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ The storm = မုန်တိုင်း ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မုန်တိုင်းဒဏ်/ရာသီဥတုဒဏ် ကို ခံနိုင်ရည်ရှိခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခဒဏ်တွေကို မုန်တိုင်းနဲ့ တင်စားထားတာဖြစ်တဲ့အတွက်မို့ လောကဒဏ် ကို ကြံကြံခံနိုင်တာ၊ ဒုက္ခဆင်းရဲကို ခါးစည်းခံနိုင်တာ။ ကဗျာဆန်ဆန်ပြောရရင်တော့ မုန်တိုင်းဘယ်လောက် ထန်ထန်၊ ဘဲအုပ်က တရာနှစ်ရာ ရှိပါစေ၊ မဗေဒါ ပန်းပန်လျှက်ပဲ ဆိုသလို ပြောဆိုနိုင်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The financial crisis in our country is expected to continue till early next year. It's important for us to weather the storm till things get better.

ကျနော်တို့ ကြုံတွေ့နေရတဲ့ စီးပွားရေးအကြပ်အတည်းက နောက်နှစ်အစောပိုင်းလောက်အထိ ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းကြတယ်။ ဒီအတွက် အခြေအနေကောင်းလာတဲ့အထိ ကျနော်တို့အားလုံး ကြံကြံခံနိုင်ဖို့ အရေးကြီးပါတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက a storm in a teacup ဖြစ်ပါတယ်။ Storm = မုန်တိုင်း၊ In = အထဲမှာ၊ Teacup = လက်ဖက်ရည်ခွက် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်ပြန်ဆိုရရင် လက်ဖက်ရည်ခွက်တခွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတခု ဖြစ်ပါတယ်။ လက်ဖက်ရည်ခွက်ထဲမှာ မုန်တိုင်းတိုက်အောင်လုပ်တယ်ဆိုတဲ့ အသုံးကိုကြည့်ခြင်းဖြင့် သေးသေးလေးထဲမှာ အကြီးကြီးဖြစ်အောင် လုပ်တယ်ဆိုတာကို သိမြင်ပါလိမ့်မယ်။ ပြဿနာသေးသေးကို အကြီးကြီးဖြစ်အောင်လုပ်တာ၊ အရေးမကြီးတာကို အရေးသိပ်ကြီးတဲ့သဘောလုပ်တာ။ တော်ရုံတန်ရုံ အခြေအနေဆိုးတာကို သိပ်ဆိုးနေတဲ့ အခြေအနေပုံဆန် ချဲ့ ပြောတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် တဆိတ်ကို တအိတ်လုပ်တဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် storm ဆိုတဲ့ မုန်တိုင်းက စောစောကပြောခဲ့သလို ဒုက္ခတွေ၊ ပြဿနာတွေ ဖြစ်တဲ့အတွက်ကြောင့်လည်း ပြဿနာသေးသေးကို ပြဿနာကြီးကြီးဖြစ်အောင် လုပ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the reports of bird flu in our area are a storm in a teacup. It's not as serious as they say althought we have to be careful, of course.
ကျနော်တို့ဒေသမှာ ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်လို့ သတင်းတွေက တဆိတ်ကို တအိတ်လို့ ပြောနေကြတယ်။ အဲဒီ သတင်းတွေထဲမှာ ဖော်ပြသလို သိပ်စိုးရိမ်စရာတော့ မရှိပေမဲ့ ဘာပဲပြောပြော သတိတော့ ထားကြရလိမ့်မယ်။

No comments: